မိုးကြီးခြင်းကြောင့် အိန္ဒိယ-ရခိုင် ကုန်စည်စီးဆင်းမှု ထိခိုက်
ရခိုင်ပြည်အတွင်းရှိ ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနယ်စပ်ဒေသတွေမှာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး၊ ရခိုင်ဘက်ဆီသို့ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ထိခိုက်နေကြောင်း ဒေသတွင်း ကုန်သည်တွေဆီကနေ သိရပါတယ်။
အိန္ဒိယနိုင်ငံအတွင်းဆီ ရောက်ရှိနေကြတဲ့ ကုန်သည်တွေဟာလည်း မြေပြိုမှုအန္တရာယ်ကြောင့် လမ်းခုလတ်မှာ ပိတ်မိနေကြရသလို၊ ရခိုင်ပြည်အတွင်းက ကုန်သည်တွေကလည်း ရေကြီးရေလျှံမှုတွေကြောင့် လုပ်ငန်းတွေကို ခေတ္တရပ်နားထားကြရတယ်လို့ အိန္ဒိယနိုင်ငံအတွင်း ရောက်ရှိနေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ကုန်သည်တွေက သွားလို့မရကြဘူး။ အိုင်ဇောလ်နဲ့ လောင်တလိုင်ကြားမှာ တောင်ပြိုလို့ လမ်းပိတ်ထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် မသွားရတာ ၃ ရက်ဝန်းကျင်လောက် ရှိပြီ။ ပလက်ဝဘက်မှာလည်း ရှင်းလက်ဝဘက်နဲ့ တက်ပုချေဘက်မှာ ရွာတွေ ရေမြုပ်နေလို့ ကုန်သည်တွေ မတက်ကြဘူး” ဟု အိုင်ဇောလ်မြို့သို့ ရောက်ရှိနေတဲ့ ကုန်သည်တစ်ဦးက ပြောပြပါတယ်။
ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်တဲ့ ပလက်ဝမြို့နယ်အတွင်းက တက်ပုချေကျေးရွာမှာ ရေနစ်မြုပ်နေပြီး ပြည်သူတွေရဲ့ နေအိမ် ၅ ဆောင်ခန့် ရေစီးနဲ့အတူ မျောပါသွားခဲ့ရတဲ့အပြင်၊ ရှင်းလက်ဝကျေးရွာမှာလည်း ရေနစ်မြုပ်နေတာကြောင့် ကုန်တင်စက်လှေတွေ သွားလာလှုပ်ရှားဖို့ လုံးဝအဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။
အခုလိုမျိုး ကုန်စည်စီးဆင်းမှုတွေ ထိခိုက်ပြတ်တောက်နေတာကြောင့် ဒေသတွင်း အခြေခံကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာမှာကို ဒေသခံပြည်သူတွေက အထူးစိုးရိမ်ပူပန်နေကြတာပါ။
“ရခိုင်တစ်ပြည်လုံးက အဲဒီလမ်းကြောင်းကလာတဲ့ ကုန်ပစ္စည်းတွေကို အဓိကအားကိုးနေကြရတာ ဖြစ်ပါတယ်။ အဲဒီလမ်းက ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်သွားရင် ကုန်ဈေးနှုန်းတွေ တက်လာမှာကတော့ ပြောနေဖို့တောင် မလိုပါဘူး။ အဲဒီလိုမျိုး ဖြစ်လာရင် ဒီလောက် ရေကြီးရေလျှံနေတဲ့ အချိန်မှာ ဒေသခံပြည်သူတွေ ပိုပြီးဒုက္ခရောက်ကုန်ကြမယ်” ဟု မြောက်ဦးမြို့က အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ရင်ဖွင့်ပြောဆိုထားပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်တွေဖြစ်ကြတဲ့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တောမြို့နယ်တွေနဲ့ ချင်းပြည်အတွင်းရှိ ပလက်ဝမြို့နယ်တို့မှာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုတွေ ကြီးမားစွာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ ခုမှာ ရေကြီးမှုဘေးဒဏ်ကို ခါးစည်းခံနေရတဲ့ ဒေသခံပြည်သူတွေ အပါအဝင် စစ်ဘေးရှောင်ပြည်သူတွေဟာလည်း လက်ရှိမှာ အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ အလွန်အမင်း လိုအပ်နေတယ်လို့ လူမှုကူညီရေး လုပ်ဆောင်ပေးနေသူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (APRG) အနေနဲ့လည်း ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေးနဲ့ ဘေးအန္တရာယ်လျော့ပါးရေး တိုက်တွန်းနှိုးဆော်ချက်တွေကို ထုတ်ပြန်ထားပြီး၊ မြေပြင်မှာ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်ပေးနေတာကိုလည်း တွေ့ရပါတယ်။
ပုံစာ – ၂၀၂၅ ခုနှစ် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း ရှင်းလက်ချောင်း၌ တွေ့ရသည့် ကုန်တင်စက်လှေများ။
ဓာတ်ပုံ – နတ်သျှင်
