ဝန်ထမ်းတွေကို မီးရထားနဲ့ လေယာဉ်လက်မှတ်ခတွေ အခမဲ့ကင်းလွတ်ခွင့် မပေးနိုင်ဘူးလို့ စစ်အုပ်စုခန့် ဝန်ကြီးပြော ရွေးကောက်ပွဲ ကတိမတည်ရင် မျက်နှာလာထိုးလို့ ပြောခဲ့သူ ဦးခင်ရီ ဘာမှ မတတ်နိုင်
နိုင်ငံအပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို မီးရထားနဲ့ လေယာဉ်လက်မှတ်ခတွေ အခမဲ့ ကင်းလွတ်ခွင့်ပေးမှာလားလို့ စစ်အုပ်စုရဲ့ ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့ပေမဲ့လည်း စစ်အုပ်စုခန့် ပို့ဆောင်ရေးဝန်ကြီးဌာနက မပေးနိုင်ကြောင်း ပြန်လည်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးပွဲအတွင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် က နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းလမ်းတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားလာတဲ့အခါ လက်မှတ်ခ အခမဲ့ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းနဲ့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို မေးမြန်းမှုအပေါ် “ရုံးလုပ်ငန်းတာဝန်အရ သွားလာခြင်း မဟုတ်ရင် အစိုးရဝန်ထမ်းတွေကို မီးရထားနဲ့ လေယာဉ်လက်မှတ်ခတွေ အခမဲ့ကင်းလွတ်ခွင့် မပေးနိုင်ပါဘူး” လို့ စစ်အုပ်စုရဲ့ ပို့ဆောင်ရေးဒုတိယဝန်ကြီး ဦးအောင်မြင် က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖိအားပေး ခြိမ်းခြောက်နှောက်ယှက်မှုတွေကြားထဲကနေ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ထမ်းတွေကို သီးသန့်အခွင့်အရေး ပေးအပ်ရန်ဆိုပြီး ကလောမြို့နယ်အမတ် ဒေါက်တာနန္ဒာလှမြင့် က ကြိုးပမ်းမေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။
အကယ်၍ အစိုးရဖြစ်လာခဲ့ရင် နိုင်ငံ့ဝန်ထမ်းငယ်တွေ အခမဲ့ ခရီးသွားလာခွင့် ရရှိရေးနဲ့ ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်ပေးမယ်လို့ ကတိကဝတ်ပြုခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ လက်ရှိမှာ အစိုးရအဖွဲ့အတွင်း ပါဝင်ခွင့်ရရှိခဲ့ပေမဲ့လည်း ဘာတစ်ခုမှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း ပါတီဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဦးခင်ရီ က ရွေးကောက်ပွဲမှာ အနိုင်ရလို့ အစိုးရအဖွဲ့ထဲ ပါဝင်နိုင်ရင် ဝန်ထမ်းတွေ အခမဲ့ခရီးသွားလာခွင့်ရအောင် စီစဉ်ပေးမယ်၊ ကုန်ဈေးနှုန်းကျအောင် လုပ်ပေးမယ်၊ ကတိမတည်ရင် မျက်နှာကို လက်သီးနဲ့လာထိုးလို့ ပြောထားတာပါ။ အခု အစိုးရသစ်လက်ထက်မှာ ကြံ့ခိုင်ရေးပါတီက ပေးထားတဲ့ ကတိတွေ တစ်ခုမှ လုပ်မပေးနိုင်ဘူး ဖြစ်နေတယ်” လို့ သူက ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်တိုင်း၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေးပွဲအတွင်း ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရလို့ ပေးထားတဲ့ ကတိတွေ မတည်ရင် မိမိရဲ့ မျက်နှာကို လက်သီးနဲ့ထိုးပါလို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ က ထည့်သွင်းပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီက ပေးခဲ့တဲ့ ကတိကဝတ်တွေထဲမှာ နိုင်ငံ့ဝန်ထမ်းငယ်တွေ အခမဲ့ ခရီးသွားလာခွင့် ရရှိရေးအာမခံချက်၊ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ လယ်သမားတွေ ကြွေးမြီသံသရာ ကင်းရှင်းရေး စတဲ့အချက်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
