မော်လမြိုင်နဲ့ ပေါင်တွင် လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ်ခြေတစ်ရာကျော် ပျက်စီးကာ သံဃာတော်တွေ အပါအဝင် ထိခိုက်ဒဏ်ရာရသူများပြား 

Author CJ Platform
Categories
Published on Jul 06, 2026

မွန်ပြည်၊ မော်လမြိုင်မြို့နယ်နဲ့ ပေါင်မြို့နယ်မှာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တို့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်ခြေ တစ်ရာကျော် အမိုးလန်ပျက်စီးခဲ့ရသလို သံဃာတော်တွေ အပါအဝင် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန်က မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ဘုရားကုန်းရပ်မှာ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၁၅ လုံးခန့် အမိုးလန်ကာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လေတိုက်ခတ်တာ ဘယ်လောက်အထိ ပြင်းထန်လဲဆိုရင် သစ်ပင်တွေပါ ပြိုလဲပြီး အိမ်ခြေတွေနဲ့ မော်တော်ယာဉ်ပေါ်ကို ပိမိတာမျိုးတွေ ရှိခဲ့တယ်။ လူထိခိုက်မှုတော့ မရှိပါဘူး။ အိမ် ၁၅ လုံးလောက်ကတော့ သွပ်မိုးတွေ အကုန်လန်ထွက်ကုန်တယ်” လို့ သူက ပြောပြပါတယ်။

 

အလားတူ မနေ့က ဇူလိုင်လ ၅ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်အချိန်ကလည်း ပေါင်မြို့၊ ကဒါရပ်ကွက် (ကဒါမြို့သစ်ပိုင်း) အတွင်းမှာ မိနစ်ပိုင်းခန့် လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းတွေ၊ ရှင်ဥပဂုတ္တရေကန်ရှိ ကန်တော်ဦးဘုန်းကြီးကျောင်း အပါအဝင် ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ လူနေအိမ်ခြေ ၉၀ ကျော် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပြီး ၎င်းအထဲတွင် သံဃာတော် ၇ ပါးအထိ ပါဝင်ကာ ၂ ပါးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ ပေါင်မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဘုန်းကြီးကျောင်းတွေမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ သံဃာတော် ၇ ပါးအထိ ရှိခဲ့ပါတယ်။ အဲဒီအထဲက ၂ ပါးကတော့ ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ အိမ်ခြေ ၉၀ ကျော်လောက် ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း ရန်ကုန်တိုင်းအတွင်းရှိ ဥက္ကံမြို့၊ မင်္ဂလာဒုံမြို့နယ်နဲ့ သုံးခွမြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသလို အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ဖူးကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ မှတ်တမ်းတွေအရ သိရပါတယ်။

 

လက်ရှိအချိန်မှာတော့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ လမ်းကြောင်းတွေနဲ့ သစ်ပင်လဲကျမှုတွေကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ပူးပေါင်းကာ ဝိုင်းဝန်းရှင်းလင်း ဖယ်ရှားပေးနေကြပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်