စစ်ခေါင်းဆောင်ဟာ သူရဲ့ “ရက် ၁၀၀ စီမံကိန်း” အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁,၀၀၀ ကျော်ကျူးလွန်၊ မကွေးတိုင်း အဆိုးရွားဆုံးခံနေရ

Author CJ Platform
Categories
Published on Jul 03, 2026

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ သမ္မတအဖြစ် ကိုယ်တိုင်တင်မြှောက်ပြီးနောက် နိုင်ငံတကာကို လှည့်စားရန် အကောင်အထည်ဖော်နေတဲ့ “ရက် ၁၀၀ စီမံကိန်း” အတွင်း စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၁,၀၀၀ ကျော်အထိ ကျူးလွန်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ စောင့်ကြည့်မှတ်တမ်းတွေအရ သိရပါတယ်။

 

အဆိုပါ မှတ်တမ်းတွေဟာ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ကစလို့ ဇွန်လ ၃၀ ရက်နေ့အထိ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေဖြစ်ပြီး၊ အဲဒီရက်ပေါင်း ၇၀ ကျော်အတွင်း စစ်အုပ်စုရဲ့ အဆိုးရွားဆုံး ချိုးဖောက်မှုတွေအနေနဲ့ တရားလက်လွတ် သတ်ဖြတ်မှု ၂၂၉ မှု၊ အိုးအိမ်ပစ္စည်းများ ဖျက်ဆီးမှု ၂၂၇ မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု ၁၃၆ မှု၊ မတရားဖမ်းဆီးမှု ၅၈ မှုနှင့် နေရပ်စွန့်ခွာထွက်ပြေးစေမှု ၅၁ မှုတို့ ပါဝင်ပါတယ်။

 

တိုင်းနဲ့ ပြည်နယ်အနှံ့အပြားကို ပစ်မှတ်ထားကျူးလွန်ခဲ့ရာမှာ ဖြစ်စဉ် ၁၉၉ မှုဖြင့် မကွေးတိုင်းမှာ ချိုးဖောက်ခံရမှု အများဆုံးဒေသဖြစ်ပြီး၊ စစ်ကိုင်းတိုင်းက ၁၄၈ မှု၊ မန္တလေးတိုင်းက ၁၄၄ မှုဖြင့် အများဆုံးကျူးလွန်ခံနေရတဲ့ ဒေသတွေ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဖြစ်စဉ်တစ်ခုတည်းမှာပင် လူ ၅ ဦးနှင့်အထက် တစ်ပြိုင်နက်တည်း သတ်ဖြတ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (Massacre) ပေါင်း ၂၀ ကြိမ်အထိ ကျူးလွန်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ စုစုပေါင်း ၁၆၂ ဦး သေဆုံးခဲ့ရပြီး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုတော့ ချင်းပြည်မှာ ၅ ကြိမ်၊ မန္တလေးတိုင်းမှာ ၃ ကြိမ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ ၂ ကြိမ်စီအပြင်၊ ရခိုင်ပြည်နဲ့ ကချင်ပြည်တို့မှာ ၁ ကြိမ်စီ ကျူးလွန်ခဲ့တာပါ။

 

အရပ်သားပြည်သူတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုမှာလည်း ဖြစ်စဉ်ပေါင်း ၃၉၆ ခုနဲ့ တိုက်ခိုက်မှုအကြိမ်ရေ ၁,၁၄၇ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရပြီး၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၅ ဦးအပါအဝင် စုစုပေါင်း ၂၇၇ ဦး သေဆုံးခဲ့ရကာ၊ ကလေးငယ် ၄၆ ဦးအပါအဝင် စုစုပေါင်း ၄၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုဒဏ်ကို စစ်ကိုင်းတိုင်း၊ ချင်းပြည်နဲ့ မကွေးတိုင်းတို့မှာ အဆိုးရွားဆုံး ခံခဲ့ရပြီး၊ အရပ်သားတွေရဲ့ နေအိမ် ၆၀၀ လုံး၊ ဘာသာရေးအဆောက်အအုံ ၃၀ ခု၊ စာသင်ကျောင်း ၂၂ ကျောင်းနဲ့ ကျန်းမာရေးအဆောက်အအုံ ၉ ခု ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေအနက် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းကစပြီး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာကို စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင် ၃၀၀ ခန့်က စီးနင်းမီးရှို့ပြီး ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ရုံမက၊ မီးငြိမ်းသတ်ရန် ကြိုးပမ်းသူတွေနဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်တဲ့ မိသားစုဝင်တွေကိုပါ ဒရုန်း (Drone) ဖြင့် ထပ်မံဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူတွေနဲ့ ရဲဘော်များစွာ သေဆုံးခဲ့ကာ တစ်ရွာလုံးနီးပါး ပြာကျခဲ့ရပါတယ်။

 

အလားတူပင် မေလ ၂၄ ရက်နေ့ကလည်း ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှာ ရေကြောင်းဖြင့် ခရီးထွက်လာတဲ့ စစ်ဘေးရှောင် ရိုဟင်ဂျာ မိသားစုဝင် ၆ ဦးကို စစ်အုပ်စုရေတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး၊ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးကိုပါ ရက်စက်စွာ သတ်ဖြတ်ခဲ့တာပါ။

 

ဒါ့အပြင် မေလ ၂၇ ရက်နေ့ နံနက်ပိုင်းမှာလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းလွန်းကျေးရွာနဲ့ သပြေသာကျေးရွာတွေကို စစ်အုပ်စုနဲ့ လက်အောက်ခံ ပျူစောထီးတွေ စစ်ကြောင်းထိုး ဝင်ရောက်ကာ ဒရုန်း (Drone) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

 

မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ “တည်ငြိမ်ရေး ရက် ၁၀၀” ဆိုသည်မှာ ပြည်သူလူထုအတွက် ဘဝပျက်၊ အိုးအိမ်မဲ့ပြီး အသက်ပေါင်းများစွာ စတေးနေရတဲ့ “ရက်စက်မှု ရက် ၁၀၀” သာဖြစ်ကြောင်းနဲ့ သူတို့ တည်ဆောက်မယ့် လွှတ်တော်အတုရဲ့ လမ်းစဟာ ပြည်သူတွေရဲ့ သွေး၊ ချွေး၊ အရိုးစုများပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားပါတယ်။

 

ဒါကြောင့် အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားနေတဲ့ ဝေဟင်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်သွားစေရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် စစ်အုပ်စုဆီ စီးဆင်းနေတဲ့ ဂျက်လေယာဉ်ဆီ (Aviation Fuel) ထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို အချိန်မဆွဲဘဲ ထိရောက်ပြတ်သားစွာ ပိတ်ဆို့အရေးယူပေးရန် NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားကြောင်း စုံစမ်းသိရှိရပါတယ်။

 

 

Related News

Depend on news