ရေဦးမှာ အရပ်သားလင်မယားနှစ်ဦး ခေါင်းဖြတ်သတ်ခံရမှုဖြစ်စဉ်အတွင်း ပါဝင်တဲ့  ရဲဘော်တွေကို အရေးမယူဘဲ လက်နက်ဆက်လက်တပ်ဆင်ပေးထားမှုအပေါ် တရားမျှတမှု ပေးဖို့ မိသားစုဝင် တောင်းဆို 

Author CJ Platform
Categories
Published on Jul 03, 2026

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကုန်းသာကျေးရွာမှာ ကျေးရွာရန်ပုံငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး အချင်းများကာ အရပ်သားလင်မယားနှစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ခဲ့တဲ့ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တွေနဲ့ ရွှေဘိုခရိုင် တပ်ရင်း (၇) မှ ရဲဘော်အပါအဝင် ရဲဘော် ၅ ဦးကို အခုအချိန်ထိ တစ်စုံတစ်ရာ ထိရောက်စွာ အရေးယူခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုထားကြောင်း ဒေသခံတွေနဲ့ နစ်နာသူ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

 

အဆိုပါ လူသတ်မှုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

 

ကုန်းသာကျေးရွာမှာ ရန်ပုံငွေထိန်းသိမ်းထားသူလည်းဖြစ်၊ တော်လှန်ရေးအစပိုင်းကတည်းက လက်နက်ဝယ်ယူဖို့အထိ ငွေကြေးစိုက်ထုတ်ကူညီခဲ့သူ ဦးထွန်းနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ကို စိုက်ခင်းတဲအတွင်း ရှိနေစဉ် အရပ်သားနှစ်ဦး အပါအဝင် ကျေးရွာပလဖအဖွဲ့ဝင်အချို့နဲ့ ရွှေဘိုခရိုင်တပ်ရင်း (၇) မှ ရဲဘော်အချို့က လုပ်ကြံသတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

 

“တခြား ကြီးကြီးမားမားမရှိဘူး။ ဒီရန်ပုံငွေနဲ့ ပတ်သက်ပြီး အဖေကတော့ သုံးတာစွဲတာတွေ စာရင်းဇယားလေး ရှိစေချင်တာ ပြောတဲ့အခါကျတော့ သူတို့က အဲဒါကို မကြိုက်တာ။ သူတို့ကတော့ ပြည်သူ့လက်ထဲကငွေ ကောက်ထားပြီး သုံးရတော့ စာရင်းအင်းမရှိဘူး။ အဖေက စတည်ကတည်းက တွဲလုပ်လာသူဆိုတော့ အဖေကပြောတာပေါ့။ အဲဒါပြောတာကို ဒီလိုပြောရမလားဆိုပြီး မခံချင်စိတ်နဲ့ သူတို့ လုပ်ကြတာ” လို့ သေဆုံးသူတွေရဲ့ သမီးဖြစ်သူက CJ Platform ကို ပြောပြပါတယ်။

 

သေဆုံးသူ လင်မယားနှစ်ဦးစလုံးရဲ့ ခန္ဓာကိုယ်တွေမှာ ဓားဒဏ်ရာချက်တွေအပြင်၊ ကျူးလွန်သူတွေဟာ ဦးခေါင်းတွေကို ဖြတ်တောက်ယူကာ အခြားနေရာတွေမှာ စွန့်ပစ်မြှုပ်နှံထားခဲ့ပြီး ခန္ဓာကိုယ်တွေကိုတော့ နေရာမှာပင် အတိုင်းသား ချန်လှပ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

 

လူသတ်မှု ဖြစ်ပွားပြီးနောက် ရေဦးမြို့နယ် အနောက်ခြမ်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတွေနဲ့ မြို့နယ်ပလဖအဖွဲ့တွေက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာမှ ခြေရာခံရင်း တောတွင်းတစ်နေရာက ကျေးရွာပလဖအဖွဲ့ဝင်တွေ နေထိုင်တဲ့ တဲအတွင်းမှ သွေးစွန်းနေတဲ့ အဝတ်အစားတွေကို ရေစိမ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီနောက် သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးရာမှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖြတ်တောက်မြှုပ်နှံထားတဲ့ ဦးခေါင်းတွေကို ကျူးလွန်သူကိုယ်တိုင် ပြန်လည်တူးဖော်ပေးခဲ့တယ်လို့ သိရပါတယ်။

 

“သူတို့က ရွာရဲ့လူငယ်ငွေ ကျပ်သိန်း ၂၃၀ ကျော်ကို ထပ်တောင်းတာ။ ဦးထွန်းက ရွာနဲ့လုပ်ထားတဲ့ ငွေဖြစ်လို့ ငွေထိန်း၊ စာရင်းကိုင်အဖွဲ့တွေကို ချပြပြီးမှ ပေးမယ်ပြောလို့ အငြိုးထားပြီး အခုလို သတ်ပစ်ကြတာ။ တကယ်တော့ သူတို့ကို ကန့်ကွက်တဲ့ ရွာသား ၇ ယောက်၊ ၈ ယောက်လောက်ကို သတ်ဖို့အထိ စီမံချက် (Plan) ဆွဲထားကြတာ” လို့ ကျူးလွန်သူတွေရဲ့ ထွက်ဆိုချက်ကို သိရှိတဲ့ ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လူသတ်မှုအတွင်း အဓိကကျူးလွန်သူ ကျေးရွာပလဖအဖွဲ့ကို ဦးဆောင်သူ ငကြွက် (ခ) ဆန်းနိုင်ဦး အပါအဝင် တပ်ရင်း (၇) မှ ရဲဘော် ၂ ဦးပါဝင်တဲ့ ရဲဘော် ၅ ဦး၊ အရပ်သား ၂ ဦး စုစုပေါင်း ကျူးလွန်သူ ၇ ဦး ဖြစ်တယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်ကိုတော့ မြို့နယ်ပလဖက စစ်ဆေးပြီး တမာတောမြို့နယ် ပြည်သူ့တရားရုံး (NUG တရားရေး) သို့ လွှဲပြောင်းရုံးတင်ခဲ့ရာ၊ အရပ်သားကျူးလွန်သူ ၂ ဦးအနက် တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်နှင့် ကျန်တစ်ဦး (သားမက်ဖြစ်သူ) ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး၊ ယခုအခါမှာ ပြစ်ဒဏ်လျော့ပေါ့မှုတွေနဲ့ ပြစ်ဒဏ်စေ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

သို့သော်လည်း လူသတ်မှုတွင် ကိုယ်တိုင်ခေါင်းဖြတ်၊ ခေါင်းမြှုပ်နှံရာမှာ အဓိကပါဝင်ခဲ့တဲ့ ကျေးရွာပလဖအဖွဲ့ဝင်တွေနဲ့ ရွှေဘိုခရိုင် တပ်ရင်း (၇) မှ ရဲဘော် ၅ ဦးဖြစ်တဲ့ ငကြွက် (ခ) ဆန်းနိုင်ဦး၊ ဖိုးအို (ခ) အောင်ငြိမ်းချမ်း၊ ပိုင်ဖြိုးသူ၊ ရှိုင်းလေးနဲ့ သားငယ် တို့ကိုမူ တရားစီရင်ရေးက အမိန့်မချမှတ်ရသေးခင်မှာပင် တပ်ရင်းက “မိမိတို့ရဲဘော်များဖြစ်သည်” ဟုဆိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

 

ဒါကြောင့် လက်ရှိအချိန်ထိ အပြစ်ဒဏ်ချမှတ်ခြင်းမရှိဘဲ လက်နက်တွေနဲ့အတူ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် ရှိနေဆဲဖြစ်တယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ နစ်နာသူ မိသားစုဝင်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

နစ်နာသူ မိသားစုဝင်တွေနဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ ကျူးလွန်သူ ရဲဘော်တွေကို လက်ခံထားတယ်လို့ ဆိုထားတဲ့ သက်ဆိုင်ရာ တပ်ရင်းကိုတော့ ပါဝင်ပတ်သက်သူတွေကို လက်ခံထားခြင်း ရှိ၊ မရှိနဲ့ ထားရှိပါက နောက်ဆက်တွဲ အရေးယူမှု ဆောင်ရွက်ချက်တွေကို မေးမြန်းနိုင်ဖို့ CJ Platform အနေနဲ့ ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပါတယ်။

 

“……ရွာဘက်ကို သွားတုန်းက မိဘတွေကို သတ်ခဲ့တဲ့သူတွေနဲ့ ကိုယ်တိုင်တွေ့ခဲ့တယ်။ နဂိုက တပ်ရင်း ၇ က ထိန်းရှိမ်းထားတယ်ဆိုလို့ ယုံကြည်နေတာ။ တကယ်တမ်းကျတော့ သူတို့က လွတ်လွတ်လပ်လပ် သွားလာနေကြတာ။ သူတို့ကို ဖုန်းနဲ့ ဓာတ်ပုံသွားရိုက်တော့ လက်နက်တွေနဲ့ ခြောက်လှန့်ပြီး တပ်ရင်းမှူးကိုယ်တိုင် ဓာတ်ပုံအခုဖျက်ဆိုပြီး ရုတ်ရုတ်သဲသဲ လုပ်ခဲ့ကြသေးတယ်။ မိဘနှစ်ပါးစလုံး ဒီလောက်ရက်ရက်စက်စက် အသတ်ခံရတာ အခုထိ ယူကျုံးမရ ဖြစ်ရပါတယ်” လို့ သေဆုံးသူတွေရဲ့ သမီးဖြစ်သူက CJ Platform ကို ရင်ဖွင့်ပြောကြားပါတယ်။

 

လက်ရှိမှာ သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ တရားခံတွေနဲ့ မလှမ်းမကမ်း ဒေသမှာ နေထိုင်နေကြရတာကြောင့် အချိန်မရွေး လာရောက်အန္တရာယ်ပြုနိုင်တဲ့အတွက် လုံခြုံရေးအရ စိုးရိမ်ထိတ်လန့်နေရပြီး၊ ပြစ်မှုထင်ရှားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အရေးယူခြင်းမရှိဘဲ မျက်ကွယ်ပြုထားသည့်အပေါ် စိုးရိမ်မှုကြီးထွားနေရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အဆင့်ဆင့်သော အာဏာပိုင်တွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတမှု အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ပြင်းပြင်းထန်ထန် လိုလားနေကြကြောင်း စုံစမ်းသိရှိရပါတယ်။