ဒလမှာ ကျောင်းထိုင်ဆရာတော်ကို ဆဲဆိုစိန်ခေါ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အရေးယူပေးခြင်းမရှိလို့ မြို့ခံတွေ မကျေနပ်

Author CJ Platform
Categories
Published on Jun 29, 2026

ကျောင်းထိုင်ဆရာတော်ကို ဆဲဆိုစိန်ခေါ်ခဲ့တဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းစိုးကို ဒကာ၊ ဒကာမတွေနဲ့ ရပ်ကွက်နေပြည်သူတွေက အဆင့်ဆင့် တိုင်ကြားထားပေမဲ့လည်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တစ်စုံတစ်ရာ အရေးယူပေးခြင်းမရှိဘူးလို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

ယခု ဇွန်လအတွင်းက အရက်သေစာ မူးယစ်နေတဲ့ မှော်စက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းစိုးဟာ ရပ်ကွက်အတွင်းရှိ ဘုရားလေးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးသီရိန္ဒနဲ့ သံဃာတော်တွေကို ရိုင်းစိုင်းစွာ ဆဲဆိုစိန်ခေါ်ခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“နေ့တိုင်း အလှူခံစားနေတဲ့ သူတောင်းစားဘုန်းကြီးတွေ၊ သတ္တိရှိရင် အကုန်ထွက်ခဲ့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းထွန်းစိုးက စိန်ခေါ်တာ။ ပြီးတော့ မင်းတို့ဘုန်းကြီးအားလုံး နေလို့မရအောင် လုပ်ပြမယ်၊ ငါဘာကောင်လဲဆိုတာ သိရအောင်လုပ်ပြမယ်ဆိုပြီး ရမ်းကားကြိမ်းမောင်းသွားသေးတယ်” လို့ သူက ပြောပြပါတယ်။

 

ဘုရားလေးကျောင်းတိုက်အနီးမှာ ဘာသာခြား နေအိမ်တွေလည်း ရှိနေတာကြောင့် အုပ်ချုပ်ရေးမှူးကိုယ်တိုင် မိမိတို့ရဲ့ ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို အခုလိုမျိုး ပေါ်ပေါ်တင်တင် စော်ကားနေတာ ဖြစ်တယ်လို့ ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

 

စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်မရှိတဲ့ ဦးထွန်းထွန်းစိုးကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ပြီးတဲ့နောက်မှာ ရန်ကုန်မြို့ထဲမှာ တိုက်ခန်းတွေပါ ဝယ်ယူနိုင်တဲ့အထိ ငွေကြေးအဆမတန် ချမ်းသာကြွယ်ဝလာတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

“သူက CDM သမားတွေရော နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပါ လိုက်လံဖမ်းဆီးပေးထားတော့ စစ်အုပ်စုက သူ့ကို အရမ်းအားကိုးတာ။ စစ်မှုထမ်းကိစ္စဆိုရင်လည်း လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးပေးနေတော့ ဘယ်သူမှ သူ့ကို တိုင်လို့မရဘူး။ သူက ဘယ်လောက်တောင် လက်သံပြောင်လဲဆိုရင် အုပ်ချုပ်ရေးမှူးရုံးထဲမှာတင် လူသတ်တဲ့အထိ ကျူးလွန်ခဲ့တာ” လို့ သူက ရှင်းပြပါတယ်။

 

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ညမထွက်ရအမိန့် (ညမထွက်ရစနစ်) ကို အကြောင်းပြပြီး ရပ်ကွက်ထဲက လူငယ် ၃ ဦးကို ဖိနပ်နဲ့ပါးရိုက်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းစိုးကို ရပ်ကွက်နေပြည်သူတွေက တိုင်ကြားခဲ့ကြပေမဲ့လည်း၊ စစ်အုပ်စုနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အကာအကွယ်ပေးခဲ့ကြကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news