ချင်းပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ တောတောင်နဲ့ တောင်ယာတွေအတွင်း တိမ်းရှောင်နေထိုင်ရမှု ပိုမိုမြင့်တက်လာ
ချင်းပြည်အတွင်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေမှာ နေရပ်ကျေးရွာတွေကို စွန့်ခွာပြီး တောတောင်နဲ့ တောင်ယာတွေမှာ တိမ်းရှောင်နေထိုင်ရမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချင်းပြည်ရှိ မြို့နယ်အသီးသီးမှာ တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့တိုင် စစ်အုပ်စုတပ်ဖွဲ့တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် ပြည်သူတွေမှာ နေအိမ်တွေမှာ ဆက်လက်နေထိုင်ဖို့ လုံခြုံမှုမရှိတော့ဘဲ တောတောင်တွေထဲကို တိမ်းရှောင်နေထိုင်ဖို့ ရွေးချယ်လာကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ လေကြောင်းရန်ကို စိုးရိမ်ရတာကြောင့် ရွာအတွင်း နေထိုင်ခြင်းမပြုတော့ဘဲ တောတောင်တွေအတွင်း တဲတွေထိုးပြီး စုပေါင်းနေထိုင်နေကြရတာပါ။
“ရွာမှာ နေတုန်းကဆိုရင် ဗုံးခဏခဏ ကြဲချခံရတယ်။ ညဘက်အိပ်တာတောင် ဘယ်အချိန်လောက်မှာ ဗုံးကြဲခံရမလဲဆိုတဲ့ အတွေးတွေနဲ့ အိပ်နေရတယ်။ လေယာဉ်သံတွေ နားစွင့်နေရလို့ အိပ်ချိန်တောင် မရပါဘူး” လို့ မင်းတပ်မြို့နယ်မှ ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုတွေကြောင့် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ဖို့ ခက်ခဲတာနဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးရာသီကာလအတွင်း တောတောင်တွေမှာ နေထိုင်ရတဲ့ ပြည်သူတွေကြားမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ မြင့်တက်လာပြီး ဆေးဝါးတွေလည်း အရေးပေါ် လိုအပ်နေပါတယ်။
“တောတောင်မှာ စစ်ဘေးရှောင်တဲ့အခါ စားနပ်ရိက္ခာတွေကို သယ်ယူတဲ့အပိုင်းမှာ အခက်အခဲရှိတယ်။ မိုးတွင်းကာလဆိုတော့ နေရာထိုင်ခင်း၊ အမိုးအကာတွေ အခက်အခဲရှိတယ်။ ကလေးတွေ၊ လူကြီးတွေအတွက် ဆေးဝါးတွေလည်း အကူအညီတွေ လိုအပ်တာပေါ့” လို့ တီးတိန်မြို့နယ်မှ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
ချင်းပြည်အတွင်းရှိ လေကြောင်းတိုက်ခိုက်မှုတွေမှာ လူနေအိမ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို ဦးတည်နေတာကြောင့် ပြည်သူတွေရဲ့ စိုးရိမ်စိတ်မှာ မြင့်တက်နေဆဲ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် လူနေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးမှုတွေရှိနေတာကြောင့် ကလေးငယ်တွေရဲ့ ပညာရေးအပြင် လူမှုဘဝတွေမှာလည်း ရပ်တန့်နေရကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – CJ
