ပဋိပက္ခတွေကြောင့် သေ့ဘောဘိုးမှာ ပြောင်းစိုက်ပျိုးမှု ၇၀ ရာခိုင်နှုန်းအထိ လျော့နည်းလာ

Author CJ Platform
Categories
Published on Jun 21, 2026

ကရင်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ရာမတီးမြို့နယ်၊ ဝေါလေမြိုင်မြို့၊ သေ့ဘောဘိုးကျေးရွာမှာ အခုနှစ် ပြောင်းစိုက်ပျိုးမှုဟာ ပုံမှန်ထက် ၇၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သေ့ဘောဘိုး ဒေသခံတွေဟာ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးမှာ စပါးအပြင် ပြောင်းနဲ့ ပဲစိမ်းက အဓိက ပါဝင်နေပြီး၊ ယခု ဇွန်လဟာ ပြောင်းစိုက်ပျိုးရာသီ ဖြစ်ပါတယ်။

 

လက်ရှိ သေ့ဘောဘိုးဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း၊ လေကြောင်းအန္တရာယ် စိုးရိမ်ရမှုတွေ ရှိနေတာကြောင့် ယခု ၂၀၂၆ ခုနှစ် ပြောင်းစိုက်ပျိုးချိန်မှာ စိုက်ပျိုးမှု ၇၀ ရာခိုင်နှုန်းအထိ လျှော့ချစိုက်ပျိုးနေကြတာ ဖြစ်တယ်လို့ ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

“ပြောရမယ်ဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ လေးကေကော့ဒေသ၊ သေ့ဘောဘိုးဒေသတွေက တိုက်ပွဲနယ်မြေ ဖြစ်နေတယ်ပေါ့နော်။ အဲဒီကတည်းက ပြောင်းတွေ သေချာမစိုက်ရဘူး။ ဒီနှစ်လည်း အဲဒီလိုပဲ။ ဒီနှစ်ကျတော့ ပြောင်းမစိုက်တဲ့သူ မရှိသလောက်ပဲ။ ဒါပေမဲ့ ဒေသခံတစ်ယောက်ချင်းစီက ၇၀ ရာခိုင်နှုန်းလောက်ပဲ လျှော့ပြီး စိုက်ကြတာ။ လျှော့စိုက်တယ်လို့ပဲ ပြောရမှာပေါ့။ အခြေအနေက ဘယ်လိုဖြစ်လာမလဲမသိဘူးလေ” လို့ သူက ပြောပါတယ်။

 

အာဏာမသိမ်းခင် ကာလက ပြောင်းတစ်ပုံး (၁၆ ကီလိုဂရမ်) ကို အခွန် ၆ ဘတ် ပေးရသော်လည်း၊ လက်ရှိအချိန်မှာ ထက်ဝက် လျှော့ချထားပေးတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

 

“ဟိုး… အရင် အာဏာမသိမ်းခင်တုန်းက KNU ကို ၃ ဘတ်နဲ့ DKBA ကို ၃ ဘတ်၊ စုစုပေါင်း အခွန် ၆ ဘတ် ပေးရတယ်။ အခု အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကစပြီး အဲဒီလောက် မပေးရတော့ဘူး။ ဥပမာ အရင်က ၁ သောင်းပေးရရင် အခုက ၅ ထောင်လောက်ပဲ ပေးရတော့တာ။ ၅၀ ရာခိုင်နှုန်း လျှော့ချပေးတာပေါ့နော်” လို့ သူက ရှင်းပြပါတယ်။

 

လက်ရှိ သေ့ဘောဘိုးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း၊ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝေါလေဗျူဟာကုန်းကို သိမ်းပိုက်ဖို့နဲ့ ဝေါလေဗျူဟာကုန်းကို စစ်ကူလာတဲ့ စစ်အုပ်စုစစ်ကြောင်းကို ခုခံမှုတွေ ရှိနေတာကြောင့် သေ့ဘောဘိုးကျေးရွာဟာ အဲဒီ စစ်မျက်နှာနှစ်ဖက်ကြားမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

 

လက်ရှိ စစ်ရေး ပဋိပက္ခတွေကြောင့် သေ့ဘောဘိုး ဒေသခံတွေနဲ့ အနီးအနား ကျေးရွာတွေက ဒေသခံတွေဟာ လေကြောင်းအန္တရာယ်၊ ဒရုန်းနဲ့ လက်နက်ကြီး အန္တရာယ်တွေကို စိုးရိမ်နေရတာကြောင့် ပြောင်းစိုက်ပျိုးမှုကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချ စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – CJ