မြန်မာပြောင်းစေ့ တင်ပို့ခွင့်ကို ထိုင်းဘက်က ၂ လ သက်တမ်းတိုးဝယ်ယူနေလို့ ပြောင်းစေ့ကားတွေ မြဝတီဘက် အတက်များနေ

Author CJ Platform
Categories
Published on Jun 21, 2026

ကရင်ပြည်၊ မြဝတီ-မဲဆောက် ကုန်သွယ်ရေးတံတား (၂) ကို မေလ ၂၈ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက်၊ ထိုင်းနိုင်ငံဘက်က မြန်မာပြောင်းစေ့ တင်သွင်းခွင့်ကို ဈေးကွက်လိုအပ်ချက်အရ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုး ဝယ်ယူသွားမယ်လို့ ထိုင်း-မြန်မာ နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

အခုလို မြန်မာပြောင်းစေ့ကို ၂ လ ဆက်ပြီး ထိုင်းဘက်က ဝယ်ယူမယ့် သတင်းကို ဇွန်လ ၁၈ ရက်နေ့က ထိုင်းကုန်သွယ်ရေးဌာနဘက်က ပြောင်းစေ့အဝယ်ကုန်သည်တွေထံ အသိပေးလာတဲ့အတွက် မြန်မာပြောင်းစေ့ကားတွေ မြဝတီဘက်ကို နေ့စဉ် အစီးရေရာချီ ရောက်ရှိလာနေတယ်လို့ ဆိုပါတယ်။

 

“ထိုင်းဘက်က ပြောင်းစေ့ဝယ်မယ့်ရက်က ဒီဇွန်လကုန်ရင် ဂျူတီပိတ်ပြီ။ အဲဒါကို ထိုင်းဘက်မှာ ဈေးကွက်လိုအပ်ချက်အရ ပြောင်းစေ့တန်ချိန် ၅ သိန်းလောက် လိုနေသေးလို့ ၂ လ တင်ပို့ခွင့် သက်တမ်းတိုးပေးထားပြီး အဝယ်လုပ်မယ်ဆိုတာ သိရတယ်။ အဲဒါကြောင့် အခု ပြောင်းစေ့ကားတွေ ရာချီပြီး မြဝတီဘက်ကိုချည်းပဲ တက်လာနေတယ်” လို့ မြဝတီမြို့က ပြောင်းစေ့တင်ပို့တဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ မြန်မာပြောင်းစေ့ မြဝတီ-မဲဆောက် အဝယ်ပေါက်ဈေးမှာ ၃၂ တန်ပါ တွဲကားတစ်စီးစာကို ထိုင်းဘတ်ငွေ ၄ သိန်းဝန်းကျင် (မြန်မာကျပ်ငွေ သိန်း ၅၀၀ ဝန်းကျင်) အဝယ်ဈေး ရရှိနေပြီး၊ ရန်ကုန်နဲ့ ဧရာဝတီဘက်မှာ ပြောင်းစေ့ဝယ်ယူတဲ့ ပွဲရုံဒိုင်သွင်းဈေးမှာ တစ်ပိသာကို မြန်မာကျပ်ငွေ ၁၈၀၀ မှ ၁၈၂၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရပါတယ်။

 

အခုလို ထိုင်းနိုင်ငံဘက်က ကရင်ပြည်၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပြောင်းစေ့ဝယ်ယူနေတာဟာ ထိုင်းစက်မှုသီးနှံ ပြောင်းစေ့ကုန်ကြမ်းကနေ အရက်၊ ဘီယာနဲ့ ကော်စေ့၊ ပလတ်စတစ် ထုတ်ကုန်တွေအတွက် ကုန်ကြမ်းလိုအပ်ချက် ရှိနေတာကြောင့် ဖြစ်တယ်လို့ မြဝတီဒေသခံ ပြောင်းတောင်ယာစိုက်ပျိုးသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

မြန်မာဘက်အခြမ်း ကရင်ပြည်၊ မြဝတီ၊ ဝေါလေ၊ သေ့ဘောဘိုး၊ ဆုံဆည်းမြိုင်၊ စုကလိနဲ့ ပိုင်ကလိုင် နယ်စပ်ကနေ ဘုရားသုံးဆူ နယ်စပ်အထိ ပြောင်းစိုက်ဧက သိန်းချီ စိုက်ပျိုးတဲ့ ကရင်ဒေသခံ တောင်ယာမြေတွေ ရှိနေပြီး၊ မိုးရာသီမဝင်ခင်အထိ ပြောင်းစေ့အဝယ်ဈေးမှာ တစ်ကီလိုကို ထိုင်းဘတ် ၁၂ ဘတ်ကနေ ၁၅ ဘတ်အထိ ဝယ်ဈေးရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – CJ