ဂွမြို့နယ်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲ ပြည်သူ ၂ဦး ဒဏ်ရာရ  

Author CJ Platform
Categories
Published on Jun 21, 2026

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုက မနေ့ ဇွန် ၂၀ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့  စစ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

မနေ့က နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ကျိန္တလီမြို့ပေါ်ရှိ သိပ္ပံလမ်းနဲ့ ကိန္ဒရီလမ်းတို့မှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

 

ဗုံးပေါက်ကွဲမှုတွေကြောင့် ဒေါ်တင်တင်ဝင်း (အသက် ၅၀ ကျော်အရွယ်) နဲ့ ဦးခင်မောင်ဝင်း (အသက် ၆၀ ကျော်အရွယ်) တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ လူနေအိမ်တချို့လည်း ဗုံးစထိမှန်တာကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာလည်း စစ်အုပ်စုဟာ ဂွမြို့နယ်ရှိ ကျောက်ချွန်ကျေးရွာနဲ့ ရမ္မာကျွန်းကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး၊ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

အလားတူ ဇွန်လ ၁၇ ရက်နေ့မှာလည်း ကျောက်တော်မြို့ပေါ်ရှိ နေရာ ၆ ခုထက်မနည်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ရပြီး၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့သလို၊ လူနေအိမ်နဲ့ ဈေးဆိုင်ခန်းတွေအပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

 

ရခိုင်ပြည်အတွင်း စစ်ရေးအရေးနိမ့်နေတဲ့ စစ်အုပ်စုဟာ တိုက်ပွဲနဲ့ မသက်ဆိုင်ဘဲ ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားကာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေရဲ့ ထိခိုက်သေဆုံးမှုဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။

 

စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် ရခိုင်မှာ ယခုလအတွင်း သေဆုံးပြည်သူ ၁၃ ဦးခန့်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦးခန့်အထိ ရှိလာနေကြောင်း ဒေသအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – Arakan Princess Media

 

 

Related News

Depend on news