ကြံ့ဖွံ့ပါတီထဲဝင်ပါက PDF များ၏ ရန်မှ ကာကွယ်ပေးမည်ဟု ခင်ရီ စည်းရုံးသော်လည်း ဝင်မည့်သူမရှိဖြစ်နေ

Author ကိုပေါက်
Categories
Published on Nov 05, 2022

ကြံ့ဖွံ့ပါတီအတွင်း ဝင်ရောက်လာသူများကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)၏ ရန်မှ ကာကွယ်ပေးသွားမည်ဟု ပါတီဥက္ကဌ ရဲချုပ်ဟောင်း ဦးခင်ရီမှ တပ်ကုန်းမြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် စည်းရုံးခဲ့သော်လည်း ပါတီဝင်မည့်သူမရှိကြောင်း ပါတီနှင့်နီးစပ်သူများ ထံမှ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်တွင် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းက ပါတီဝင်သစ်များ အသိအမှတ်ပြု ကတ်ပြားပေးအပ်ပွဲတွင် ပြောကြားခဲ့တာဖြစ်သည်ဟု ကြံ့ဖွံ့ပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။

“အကျယ်ကြီးဗျာ အော်ပြောတာ ပါတီရုံးမှာမို့လို့ အပြင်မှာဆို သေနတ်နဲ့လာပစ်တယ် ဘယ်တုန်းက ဝင်ထားတဲ့လူတွေရဲ့ ကတ်ပြားတွေယူလာလဲ မသိဘူး ပါတီဝင်အသစ်တွေ ထပ်ဝင်လို့ဆိုပြီး ပွဲလုပ်တာ တကယ်ကဝင်မဲ့သူမရှိဘူး မျက်မြင်လိုက်မေးကြည့်”ဟု ပြောသည်။

ပါတီဝင်အသစ်များကို စည်းရုံးရာတွင် ဦးခင်ရီက CRPH, NUG, PDF အဖွဲ့များ၏ အန္တရာယ်ကို တုန့်ပြန်ကာကွယ်ရန် စီမံချက်များ ရေးဆွဲပြီးဖြစ်ပြီး ပါတီဝင်အသစ်များ စိုးရိမ်ပူပန်စရာ မလိုကြောင်း ပြောသည်ဟု သိရသည်။

“ဦးခင်ရီက ပြောတယ် ကျွန်တော့်ကို သတ်လို့ ရတယ် ဘာကြောင့်လဲဆိုရင် ကျွန်တော်က စစ်ဗိုလ်ဟောင်း သတ်ချင်တဲ့ နေရာမှာ သတ်ဟုတ်ဘူးလား။ကျွန်တော် ပြည်ခိုင်ဖြိုးပါတီမှာ တာဝန်ရှိတဲ့သူ ဒေါက်တိုင် တကယ့် ဒေါက်တိုင် ကျွန်တော့်ကို သတ်လို့ရတယ် ကျွန်တော့် အမာခံ သတ်လို့ ရတယ် ပါတီဝင်တွေကိုတော့ သတ်လို့မရဘူး လက်မခံဘူး ကာကွယ်ဖို့စီမံချက်တွေ ရေးဆွဲတာပြီးသွားပြီ”ဟု ပြောသည်။

ကြံ့ဖွံ့ပါတီဥက္ကဌနှင့် CEC များ၏ အခြေအမြစ်မရှိသော ပြောစကားများကြောင့် ပြည်နယ်နှင့် တိုင်းဒေသများရှိ ကြံ့ဖွံ့ပါတီဝင်များမှာ သူခိုးဂျပိုးများကဲ့သို့ ပုန်းရှောင်နေထိုင်ရသည်ဟုပါတီမှ နှုတ်ထွက်ထားသူတစ်ဦးက CJ Platform ကိုပြောသည်။

“မြင့်လှိုင်တုန်းက စည်းရုံးရေးမှူးတွေရဲ့ နေအိမ်တွေမှာ အလံထောင်ဖို့ ပြောတယ် အသတ်ခံရတော့ ပြန်နှုတ်ခိုင်းတယ် အခုလာပြန်ပြီ ဦးခင်ရီကျတော့ ကာကွယ်ပေးမယ် မကြောက်နဲ့တဲ့ သေနတ်နဲ့လာပစ်ရင် ဦးခင်ရီလာမှ ပစ်လို့ ပြောရမှာလား “ဟု ရှင်းပြသည်။

စစ်တပ်က အာဏာသိမ်းနိူင်ရန် တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့သည့် ကြံ့ဖွံ့ပါတီနှင့် ထောက်ခံသူအများစုမှာအာဏာသိမ်းပြီးနောက် ပါတီဝင်အဖြစ်မှ နုတ်ထွက်ပြီး ထွက်ပြေးသူများရှိပြီး အချို့မှာ နေပြည်တော်ပါတီရုံးချုပ်တွင် ပုန်းရှောင်နေထိုင်နေရသည်ဟု ပါတီရုံးနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“အဲ့လိုပြောတဲ့အချိန် ရုံးချုပ်ထဲက ပုန်းနေတဲ့ ပါတီဝင်တွေကို ပြချင်လိုက်တာ အဲ့လူတွေဆို အခုချိန်ထိ အပြင်ကိုမသွားရဲ မလာရဲဘူး သူက ကာကွယ်မယ်ပြောနေတာ “ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကြံ့ဖွံ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင် ၂၆၀၀ကျော် သေဆုံးခဲ့သည်။

Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform