မြဝတီ၊ အာရှလမ်းပိုင်းမှာ စစ်အုပ်စုနဲ့ DKBA ၊ BGF တပ်ဖွဲ့တွေ ဂိတ်ချငွေတောင်းတာကနေ သိန်းရာချီ ဝင်ငွေရနေ
ကရင်ပြည်၊ ကော့ကရိတ်၊ ကျုံဒိုး၊ မြဝတီ အာရှလမ်းပိုင်းမှာ စစ်အုပ်စုတပ်နဲ့ ပူးပေါင်းထားတဲ့ DKBA ဗိုလ်ဘိတပ်၊ BGF နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ဂိတ်ချပြီး ငွေတောင်းတာကနေ သိန်းရာချီ ဝင်ငွေရနေတယ်လို့ ကျုံဒိုးနဲ့ ကော့ကရိတ်မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ အာရှလမ်းပိုင်းတစ်လျှောက် လုံခြုံရေး အကြောင်းပြစစ်ဆေးပြီး ခရီးသွားပြည်သူနဲ့ ကုန်စည်ကားတွေအပေါ် ဂိတ်ချငွေတောင်းယူမှုဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ယခု ဇွန်လအထိ နေ့စဉ် ဝင်ငွေသိန်းရာချီ ရရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖားအံမြို့ကနေ သာမည၊ ကျုံဒိုး၊ ဂျိုင်းတံတား (ကော့ကရိတ်) နဲ့ ကော့ကရိတ်၊ မြဝတီ တောင်ပေါ်လမ်းပိုင်းမှ သင်္ဃန်းညီနောင်အထိ အဲဒီလမ်းပိုင်းတွေမှာ စစ်တပ်၊ DKBA၊ BGF တပ်ဖွဲ့အပြင် ဌာနဆိုင်ရာ ပြည်သူ့စစ်အဖွဲ့တွေ ဂိတ် ၂၀ ကျော်အထိ လုံခြုံရေးအကြောင်းပြ ငွေတောင်းဂိတ်တွေ လုပ်ဆောင်ထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ဖားအံနဲ့ မြဝတီကြားမှာ အာရှလမ်းက သွားမယ်ဆိုရင် ငွေပေးပြီးမှ သွားရတဲ့ ဂိတ်တွေချည်းပဲ။ ညီနောင်မှာ DKBA ဗိုလ်ဘိဂိတ်၊ ကျုံဒိုးနွားခြံကုန်းနဲ့ ဂျိုင်းရွာမှာ BGF မောင်ဝင်းအောင်ဂိတ် ပေါ့နော်။ အဲဒီလို စစ်တပ်ဂိတ်၊ ပြည်သူ့စစ်ဂိတ်တွေပါ ပေါင်းရင် ဂိတ်ပေါင်း ၂၀ ကျော်ရှိတယ်။ တံတားကျိုးဂိတ်က စစ်တပ်နဲ့ ဌာနဆိုင်ရာ အဖွဲ့စုံ ငွေတောင်းဂိတ်ကြီးပေါ့။ ကားတွေက တစ်နေ့ကို အစီးရေတစ်ထောင်ဝန်းကျင် သွားနေကြတာဆိုတော့ တစ်ဂိတ်ကို သိန်းရာချီ နေ့စဉ် ဝင်ငွေကောင်းနေကြတယ်” လို့ ကျုံဒိုးဒေသခံ သတင်းအရင်းအမြစ်က ပြောပါတယ်။
အခုလို ဖားအံ-မြဝတီ အာရှလမ်းပိုင်းကို သွားလာကြတဲ့ ခရီးသည်တင်ကားတွေအပေါ် စစ်တပ်နဲ့ ကရင်အပစ်ရပ်လက်နက်ကိုင်ဂိတ်တွေ ငွေတောင်းယူမှုမှာ တစ်ဂိတ်ကို ခရီးသည်နဲ့ ကားဖြတ်ခ ကျပ်ငွေတစ်သောင်းမှ ငါးသောင်းအထိ တောင်းယူမှုရှိကြောင်း ခရီးသည်ယာဉ်မောင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ယခုလတ်တလော ထိုင်း-မြန်မာ ကုန်သွယ်ရေး တံတားအမှတ် ၂ ပြန်ဖွင့်ပြီး၊ နယ်စပ်ကုန်သွယ်ရေး ပို့ကုန်တွေကို စစ်အုပ်စုထံ တရားဝင်အခွန်ဆောင်ပြီး စိုက်ပျိုးရေးသီးနှံတွေ တင်ပို့တဲ့ ကုန်ကားတွေအပေါ်တွင်လည်း ဂိတ်ကြေးကောက်ခံမှု ရှိနေကြောင်း ကုန်ကားယာဉ်မောင်း သတင်းအရင်းအမြစ်က ပြောပါတယ်။
“ရန်ကုန်ကနေ မြဝတီ၊ မဲဆောက်ကို ပို့တဲ့ ပြောင်းစေ့ကား၊ ကြက်သွန်ကားတွေက တရားဝင် ဂျူတီအခွန်ဆောင်ပြီး သယ်တာ။ ညောင်ခါးရှည်ဂိတ်မှာ ကွန်ပျူတာ ကျူအာကုဒ်စလစ် ထုတ်ပြီးသယ်တာတောင်မှ လမ်းဂိတ်ကြေးက ပေးရတာပဲ။ ပြောင်းစေ့ကား၊ တွဲကား၊ ၂၂ ဘီး ကားကြီးတွေ ၃၂ တန်၊ ၂၂ တန် တင်လို့ရတယ်။ မြဝတီအပြန်မှာ ကျူအာကုဒ် ပြနိုင်မှ ပြန်ဆင်းလို့ရတယ်။ မပြနိုင်ရင် ကားဆင်းလို့မရဘူး။ မဲဆောက်ကို ပြောင်းကားတစ်စီး ရောက်ဖို့က ဂိတ်ကြေး၊ ဇုန်ကြေးက ၅၀ လောက် ကုန်တယ်” လို့ ကုန်စည်ကားယာဉ်မောင်းက ပြောပါတယ်။
လက်ရှိမှာတော့ ဖားအံ-မြဝတီ လမ်းပိုင်းမှာ စစ်အုပ်စုတပ်နဲ့ ကရင်အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားပြီး၊ လမ်းလုံခြုံရေး အကြောင်းပြ စစ်ဆေးရေးဂိတ်၊ ငွေတောင်းဂိတ်တွေ အခိုင်အမာ တည်ဆောက်တပ်စွဲထားတာကြောင့် အာရှလမ်းမတစ်လျှောက်က ကျေးရွာဒေသခံတွေ နေရပ်ပြန်လည် နေထိုင်လို့ မရသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ – CJ
CJ – 003
