စာရေးဆရာ၊ ဒါရိုက်တာ ဆရာမင်းခိုက်စိုးစန် ကွယ်လွန်

Author CJ Platform
Categories
Published on Jun 20, 2026

မြန်မာ့စာပေလောကနဲ့ ရုပ်ရှင်၊ ဗီဒီယို အနုပညာလောကမှာ အောင်မြင်ခဲ့တဲ့ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာဖြစ်သူ မင်းခိုက်စိုးစန် (ခ) ဦးကျော်စိုးဟာ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စ္စကိုမြို့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

 

ဆရာမင်းခိုက်စိုးစန်ဟာ အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက်နေ့ ည ၈ နာရီ ၇ မိနစ် (မြန်မာစံတော်ချိန် ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၇ မိနစ်) မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ် ရှိပြီဖြစ်ပါတယ်။

 

ဆရာမင်းခိုက်စိုးစန်ကို ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး၊ အမည်အရင်းကတော့ ကိုကျော်စိုး ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းကို ၁၉၈၈ ခုနှစ်မှာ ထူးချွန်စွာ အောင်မြင်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်တွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ဆေးပညာဘွဲ့ (M.B.B.S.) ကို ရရှိခဲ့ပြီးနောက် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ရင်း ဆေးပညာလောကနဲ့ စာပေလောကကို ဒွန်တွဲလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

 

သူဟာ စာပေနယ်ပယ်မှာ မင်းခိုက်စိုးစန် အမည်အပြင် ‘သတိုးတေဇ’ ကလောင်အမည်နဲ့လည်း စိတ်ကူးယဉ်နဲ့ သရဲဝတ္ထု ၄၀ ကျော်၊ ‘ဇော်နိုင်ငံစိုး’ ကလောင်အမည်နဲ့ စုံထောက်ဝတ္ထု ၂၀ ကျော်ကို ရေးသားခဲ့ပါတယ်။

 

ပထမဆုံး စာပေလက်ရာကို ၁၉၈၉ ခုနှစ်မှာ စတင်ပုံနှိပ်ခံရပြီးနောက် ‘ဇီးရိုး’ (၂၀၀၃)၊ ‘ကော်ဖီညနေခင်း’ (၂၀၀၄)၊ ‘ဂျစ်ပစီတစ်ယောက်ရဲ့ အသည်းကွဲလမ်းဆုံ’ (၂၀၀၅) နဲ့ ‘သေမင်းနိုင်ငံတော်၏ ငွေကြေး’ (၂၀၁၂) စတဲ့ ထင်ရှားတဲ့ လုံးချင်းဝတ္ထုကြီးများစွာကို ရေးသားခဲ့တဲ့အပြင်၊ ကမ္ဘာကျော် ‘ဟယ်ရီပေါ်တာ’ (Harry Potter) စာအုပ်တွေကိုလည်း မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ရုပ်ရှင်ဇာတ်ညွှန်းများစွာ ရေးသားခဲ့ပြီး ဇာတ်ညွှန်းအချို့မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆု ဆကာတင်စာရင်း၌ ပါဝင်ခဲ့ကာ၊ လူကြိုက်များတဲ့ “Puzzle Palace” ရုပ်သံအစီအစဉ်ကို ၁၂ နှစ်ကြာ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သလို၊ “ပန်းနှစ်ပွင့်စီးချင်း” (၂၀၁၇) နဲ့ “Hospital Diary” (၂၀၁၈) ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဒါရိုက်တာအဖြစ် ပုံဖော်ခဲ့ပါတယ်။

 

ဆရာမင်းခိုက်စိုးစန်ဟာ ၎င်းရဲ့ အနုပညာမြောက်လှတဲ့ ဝတ္ထုတိုစုစည်းမှုတစ်ခုဖြစ်တဲ့ “Gauche Stories” စာအုပ်နဲ့ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) ကို ရရှိခဲ့တဲ့အပြင်၊ ၂၀၂၃ ခုနှစ်မှာ အရှေ့တောင်အာရှရှိ စာရေးဆရာတွေအတွက် အမြင့်ဆုံးဆုတစ်ခုဖြစ်တဲ့ S.E.A. Write Award ကိုပါ ထပ်မံဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်