ကျောက်ဖြူက စစ်ရှောင်ကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ ငွေကြေးအခက်အခဲဖြစ်နေ

Author CJ Platform
Categories
Published on Jun 20, 2026

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ စစ်ရှောင်ကလေးတွေဟာ လက်ရှိ ပညာသင်နှစ်မှာပညာသင်ကြားနိုင်ဖို့ ငွေကြေးအခက်အခဲတွေ ဖြစ်နေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေကြတဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

 

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ ဝမ်းရေးကိုသာ အဓိကထား ရုန်းကန်နေရပြီး၊ သားသမီးတွေရဲ့ ပညာရေးအခြေအနေတွေဟာ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

 

ငွေကြေးအခက်အခဲဖြစ်နေတဲ့ စစ်ရှောင်ကလေးတွေကို ပညာရေးအခွင့်အလမ်းတွေ ရရှိစေနိုင်ဖို့ ကျောင်းတွေဆောက်ပြီး ပညာသင်ကြားပေးသွားမယ်လို့ ဇင်ချောင်းလူငယ်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

 

ကျောင်းဖွင့်ရာသီ ရောက်လာပြီဖြစ်တာကြောင့် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ မူလတန်းအရွယ် ကလေးငယ်တွေကို ဦးစားပေးပြီး ပညာရေးဝန်ဆောင်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

“စစ်ရေးကာလမှာ ပညာရေးအတွက် ငွေကြေးအခက်အခဲဖြစ်နေတဲ့ စစ်ရှောင်ကလေးတွေအတွက် ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးမသွားအောင် အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးသွားမယ်။ အဓိကတော့ KG တန်းကနေ Grade-5 အထိ ကလေးတွေအတွက် ဦးစားပေး လုပ်ဆောင်သွားမှာပါ” လို့ အသင်းဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက ဆိုပါတယ်။

 

ဒီအစီအစဉ်ကို ဒေသမှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး၊ ကလေးတွေအတွက် အခြေခံပညာရေးတွေ အဆက်မပြတ်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အရင်နှစ်တွေကလည်း ငွေကြေးအခက်အခဲတွေကြောင့် ကလေးတွေရဲ့ ပညာရေးအတွက် စစ်ရှောင်စခန်းတွေမှာ ကျောင်းနေရာ ၄ ခုလောက်သာ ဆောက်လုပ်ပြီး ပညာရေးဝန်ဆောင်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

 

“မနှစ်တုန်းကဆိုရင် ငွေကြေးအခက်အခဲတွေကြောင့် စစ်ရှောင်စခန်းတွေမှာ ကျောင်းနေရာ ၄ ခုလောက်သာ ဆောက်နိုင်ခဲ့ပြီး၊ KG တန်းကနေ Grade 5 အထိ ကျောင်းသူ၊ ကျောင်းသား ဦးရေ ၆၀၀ ကျော်လောက်ကို ပညာသင်ကြားပေးနိုင်ခဲ့တယ်။ တစ်ဖက်မှာလည်း ကျောင်းဆောက်တဲ့ ကုန်ကျစရိတ်တွေနဲ့ သင်ကြားပြသပေးတဲ့ ဆရာ၊ ဆရာမတွေကို ငွေကြေးတချို့ ထောက်ပံ့ခဲ့ရတာကြောင့် ငွေကြေးအခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်” လို့ ကိုနိုင်လင်းထွန်းက ထပ်လောင်းပြောပါတယ်။

 

လက်ရှိမှာတော့ ကလေးတွေ ပညာဆက်လက်သင်ကြားရေးနဲ့ ကျောင်းနေရာတွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေပါတယ်။

 

“ဒီနှစ်မှာတော့ ကျွန်တော်တို့ ကျောင်းနေရာတွေ တိုးမြှင့်ဆောက်လုပ်သွားမှာ ဖြစ်သလို၊ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁ ထောင်ကျော်ခန့်ကိုလည်း ပညာသင်ကြားပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားသလို ဖြစ်လာဖို့ကလည်း ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေရဲ့ ထောက်ပံ့မှုအပေါ် မူတည်နေပါတယ်” လို့ ဆိုပါတယ်။

 

လက်ရှိ ကျောက်ဖြူမြို့နယ်က နေရာ ၂ ခုထက်မနည်းမှာ အာရက္ခတပ်တော်နဲ့ စစ်အုပ်စုတို့ကြား တိုက်ပွဲပြင်းထန်နေပြီး၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ပြည်သူ ၃၂,၀၀၀ ဝန်းကျင်ခန့် ရှိနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

CJ 008