NUG က စစ်အုပ်စုရဲ့ စီးပွားရေးစာချုပ်တွေ အန္တရာယ်ရှိတယ်လို့ သတိပေးနေချိန် မင်းအောင်လှိုင်က တရုတ်ရင်းနှီးမြှုပ်နှံမှုရရန် ကြိုးပမ်းနေ
စစ်အုပ်စုနဲ့ ဆက်ဆံရေးလုပ်ဆောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပြုလုပ်ခြင်းနဲ့ စီးပွားရေး၊ အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်တွေ ချုပ်ဆိုခြင်းဟာ ဥပဒေရေးရာ၊ ဘဏ္ဍာရေးနဲ့ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အန္တရာယ်တွေ ဖြစ်ပေါ်စေနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၁၈ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် (၅/၂၀၂၆) မှာ NUG က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ အပြန်အလှန် လေးစားမှုအပေါ် အခြေခံတဲ့ ဆက်ဆံရေးကို အလေးထားကြောင်း သဘောထားတစ်ရပ် ထည့်သွင်းဖော်ပြထားပါတယ်။
အတုအယောင် ရွေးကောက်ပွဲကို အခြေခံပြီး တရားဝင်မှုရရှိဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုကို အလေးပေးဆက်ဆံခြင်းဟာ တိုင်းပြည်ရဲ့ လက်ရှိပြဿနာတွေ ပြေလည်စေမှာမဟုတ်ဘဲ စစ်အုပ်စုရဲ့ ရက်စက်မှုတွေကို ပိုမိုဆိုးရွားစေဖို့ အားပေးသလိုဖြစ်ကြောင်း NUG က ထောက်ပြထားပါတယ်။
လက်ရှိအခြေအနေမှာ စစ်အုပ်စုနဲ့ ချုပ်ဆိုနေတဲ့ စီးပွားရေးသဘောတူညီချက်တွေဟာ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှု၊ အများပြည်သူဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်စောင့်ကြည့်မှုတွေ ကင်းမဲ့နေတာကြောင့် ကြီးမားတဲ့ လုပ်ငန်းဆိုင်ရာ အန္တရာယ်တွေရှိနေတယ်လို့ နိုင်ငံတကာကို သတိပေးထားပါတယ်။
တစ်ဖက်မှာတော့ စစ်အုပ်စုဝါဒဖြန့်မီဒီယာတွေရဲ့ ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ဟာ CCTV သတင်းဌာနနဲ့ တွေ့ဆုံစဉ် မိမိကိုယ်ကိုယ် “နိုင်ငံတော်သမ္မတ” အဖြစ် သုံးနှုန်းကာ ကမ္ဘာ့မျက်နှာစာမှာ တရားဝင်မှုရဖို့ ကြိုးပမ်းခဲ့တဲ့အပြင်၊ ဇွန်လ ၁၈ ရက်နေ့က ရှန်ဟိုင်းမြို့မှာ ကျင်းပတဲ့ “မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ထိပ်သီးအစည်းအဝေး” (MCITP – 2026) မှာ လျှပ်စစ်သုံးယာဉ် (EV) နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (နေရောင်ခြည်နဲ့ လေစွမ်းအင်) ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် တရုတ်လုပ်ငန်းတွေကို အကောက်ခွန်လျှော့ချခြင်း၊ ဥပဒေနဲ့အညီ အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေ ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဇွန်လ ၁၇ ရက်နေ့ကလည်း စစ်ခေါင်းဆောင်ဟာ ရှန်ဟိုင်းမြို့တော်ဝန် မစ္စတာ ကုန်းကျန့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား (Ms. Ma Jia) တို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ မြေပေါ်မြေအောက် သယံဇာတတွေကို အခြေခံကာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့သလို၊ မြေပြင်အခြေအနေတွေအရ ရပ်တန့်နေတဲ့ တရုတ်-မြန်မာ စီမံကိန်းကြီးတွေ အမြန်ဆုံးပြန်စတင်နိုင်ရေးနဲ့ စီမံကိန်းနယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
NUG အစိုးရကတော့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုံခြုံစိတ်ချရရေးတို့ဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့၊ တာဝန်ယူမှုရှိတဲ့ တရားဝင်အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာခြင်းအပေါ်မှာသာ မူတည်တာကြောင့်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို အခြေခံသင့်ကြောင်း တိုက်တွန်းထားပါတယ်။
NUG အစိုးရအနေနဲ့လည်း ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြည်သူတွေရဲ့ ကိုယ်ပိုင်အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှမှုမူတွေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း ထောက်ပြထားပြီး၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမိတ်ဖက်တွေအားလုံးနဲ့ ဆက်ဆံရေး တည်ဆောက်မြှင့်တင်သွားဖို့ အသင့်ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။
အထူးသဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေးတို့ အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုဆိုလျက်ရှိပြီး၊ မြန်မာပြည်သူလူထုရဲ့ ဆန္ဒ၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်ငြိမ်ရေးတို့ကို အထောက်အကူပြုမယ့် ဆက်ဆံရေးမျိုးကိုသာ တည်ဆောက်သွားမှာဖြစ်ကြောင်းကိုလည်း သဘောထားထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Pro-SAC
