ထန်တလန်မြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုရဲ့ အသေခံ ဒရုန်း ၅ စင်း ပစ်ချခံရ

Author CJ Platform
Categories
Published on Jun 20, 2026

ချင်းပြည်၊ ထန်တလန်မြို့မှာ ဇွန်လ ၉ ရက်နေ့ကစလို့ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိတဲ့အပြင် အသေခံဒရုန်း ၅ စင်းလည်း ပစ်ချခံထားရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက CJ Platform ကို ပြောပါတယ်။

 

အဲဒီစစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အင်အား ၃၀၀ မှ ၄၀၀ ခန့်ရှိပြီး ထန်တလန်မြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဟားခါးမြို့ကနေ ထန်တလန်မြို့ကို မော်တော်ယာဉ် ၄ စီးနဲ့ ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။

 

ဟားခါး-ထန်တလန်လမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက တစ်ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပေမဲ့လည်း စစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ ၉ ရက်နေ့ ညပိုင်းမှာ ထန်တလန်မြို့အတွင်းကို ဝင်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

“စစ်ကောင်စီက ထန်တလန်မြို့ကို ပြန်ထိန်းချုပ်ဖို့အတွက် ဟားခါးမြို့ကနေ စစ်ကြောင်းထိုးတာပါ။ ဟားခါး – ထန်တလန် လမ်းတစ်လျှောက်မှာ တိုက်ခိုက်ခဲ့ပေမဲ့ လေကြောင်းပစ်ကူတွေကြောင့် တစ်ပတ်အကြာမှာ စစ်ကြောင်းက ထန်တလန်မြို့ထဲကို ဝင်ရောက်လာနိုင်ခဲ့တာပါ။ လမ်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အထိခိုက်သေဆုံးမှု များပါတယ်” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

အဲဒီစစ်အုပ်စုစ်ကြောင်းဟာ ထန်တလန်မြို့ကို ရောက်ရှိလာပြီးနောက် ဇွန်လ ၁၀ ရက်နေ့ကစလို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွင်းနေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

 

“အရင်က ထန်တလန်မှာ ခလရ ၂၆၉ မှာပဲ အင်အားစုနေကြတာပါ။ ဟားခါးကနေ စစ်ကြောင်းတွေ ရောက်လာပြီးနောက် မြို့ထဲက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နေရာတွေကို ထိုးစစ်ဆင်တယ်။ ၂၆၉ တပ်ကုန်းကနေ လက်နက်ကြီးကျည်တွေ ပစ်ခတ်တယ်။ လေကြောင်းကနေ ပစ်ကူပေးတယ်။ မြို့ထဲက နေရာအများစုကိုတော့ စစ်ကောင်စီဘက်က ပြန်ထိန်းချုပ်လိုက်တဲ့ အခြေအနေပါ” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေက စစ်အုပ်စုရဲ့ အသေခံဒရုန်း ၅ စင်းကို ပစ်ချနိုင်ခဲ့တာလို့ သိရပါတယ်။

 

“အခုတိုက်ပွဲမှာ စစ်ကောင်စီက အသေခံဒရုန်းတွေ အလွန်အကျူး အသုံးပြုတာ တွေ့ရတယ်။ တစ်ပတ်ကျော်ကြာဖြစ်တဲ့ ထန်တလန်မြို့တွင်း တိုက်ပွဲမှာ အသေခံဒရုန်း ၅ စီး ပစ်ချနိုင်ခဲ့တယ်။ လက်ရှိအချိန်အထိ တော်လှန်ရေးအဖွဲ့ဘက်က ထိခိုက်မှုမရှိဘူး” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့ သိရပါတယ်။

 

စစ်အုပ်စုက ထန်တလန်မြို့အတွင်း အားလုံးနီးပါး ပြန်လည်ထိန်းချုပ်နိုင်ပေမဲ့ မြို့ပြင်ကို ထွက်ခွာခြင်းမပြုနိုင်စေဖို့ ဆက်လက်ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

 

ထန်တလန်မြို့တွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို နည်းလမ်းမျိုးစုံနဲ့ ဝန်းရံထောက်ပံ့ပေးကြဖို့ CDF ထန်တလန်က ဒီနေ့ ဇွန်လ ၂၀ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်