သံဇစ်မြစ်ထဲမှာ စစ်အုပ်စု ဖမ်းဆီးခဲ့တဲ့ ရခိုင်ကုန်သည် ၁၄ ဦး အချိန် ၂ ပတ်ခန့် ကြာလာသည်အထိ ပြန်မလွတ်သေး
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ် သံဇစ်မြစ်အတွင်းမှာ စစ်အုပ်စုက ဖမ်းဆီးခဲ့တဲ့ ရခိုင်ကုန်သည် ၁၄ ဦးဟာ အချိန် ၂ ပတ်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း ပြန်လည်လွတ်မြောက် မလာသေးဘူးလို့ အာရက္ခတပ်တော်ရဲ့ ဇွန်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ရခိုင်ကုန်သည်တွေဟာ ကျောက်တော်မြို့ကနေ ကုန်ပစ္စည်းတွေ ဝယ်ယူပြီး ရမ်းဗြဲမြို့ကို စက်လှေတစ်စင်းနဲ့ ပြန်လာစဉ် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက သံဇစ်မြစ်ထဲ ရမ်းဗြဲကျွန်းအနီးမှာရှိတဲ့ မင်းချောင်း၊ ချောင်းဝမှာ စစ်အုပ်စုရဲ့ ရေတပ် နေဗီက အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတာဖြစ်ပြီး ကျောက်ဖြူ ရေပိုင်နက်ထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီ စက်လှေထဲမှာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၇ ဦး ပါရှိပြီး သူတို့ဟာ ရမ်းဗြဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ မြေပုံမြို့နယ်တွေက ကုန်သည်တွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အု့ပ်စုထံ ဖမ်းဆီးခံရသူတွေကတော့ ဦးရွှေခဲ၊ ဦးစိန်ဝင်းမောင်၊ ဒေါ်ပုစိုက် (ခ) ကြည်ကြည်ခင်၊ ဒေါ်မိမိ (ခ) ဒေါ်အေးစန္ဒာအောင်၊ ဒေါ်ဝင်းဝင်းရွှေ (ခ) ပုသိန်း၊ ဒေါ်တင်မေသန်း၊ ကိုနေမျိုးသိန်း၊ ဦးကိုကိုအောင်၊ မောင်ဇော်မင်းအောင်၊ ဒေါ်ချောစုမေ၊ ဒေါ်မြမြကျော်၊ ဦးသန်းဝင်းလွင်၊ ဒေါ်မြင့်မြင့်ခင်နဲ့ ဦးခင်ဇော်ဦး တို့ဖြစ်ကြောင်း Arakan Princess Media ရဲ့ စာရင်းတွေအရ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ မနက် ၉ နာရီအချိန်မှာလည်း ရမ်းဗြဲမြို့နယ်၊ မင်းချောင်းတံတားကနေ ဖြတ်သန်းလာတဲ့ စက်လှေတစ်စီးကို သံဇစ်မြစ်ထဲအရောက်မှာ စစ်အုပ်စု နေဗီက စက်သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
ရခိုင်ကမ်းရိုးတန်းတွေမှာ သွားလာလှုပ်ရှားနေတဲ့ ခရီးသွားပြည်သူတွေနဲ့ ရေလုပ်သားတွေကို စစ်အုပ်စု နေဗီတွေကနေ မကြာခဏဆိုသလို မတရားဖမ်းဆီးမှုတွေ ရှိနေတဲ့အပြင် ငွေညှစ်တောင်းခံမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Pro-SAC
CJ 008
