အမှားခံမှာမဟုတ်တဲ့ စပိန်၊ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းမယ့် နယ်သာလန် ပွဲစဉ် (ပွဲကြိုသုံးသပ်ချက်)
စပိန် vs ဆော်ဒီအာရေဗျ
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (H) ရဲ့ ဒုတိယပွဲစဉ်မှာတော့ စပိန်အသင်းနဲ့ ဆော်ဒီအာရေဗျအသင်းတို့ ထိပ်တိုက်တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ကိတ်ဗာဒီအသင်းကို ဂိုးမရှိသရေကျခဲ့တဲ့ စပိန်အတွက် ဒီပွဲဟာ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ရေးအတွက် အလွန်အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။
စပိန်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ကစားနိုင်တဲ့ အသင်းဖြစ်ပေမဲ့ အဖွင့်ပွဲမှာတော့ အဆုံးသတ်ပိုင်း အားနည်းချက်တွေကို မြင်တွေ့ခဲ့ရပြီး၊ ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်ခဲ့ပေမဲ့ အနိုင်ဂိုးရအောင် ဖန်တီးနိုင်ခြင်း မရှိခဲ့တာကြောင့် မျှော်လင့်ထားသလို ရလဒ်မထွက်ပေါ်ခဲ့ဘဲ သရေရလဒ်သာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ လမိုင်းယာမဲလ်၊ နီကိုဝီလီယံတို့ကို ပွဲစကတည်းက အသုံးပြုလာဖို့ ရှိနေပါတယ်။
တစ်ဖက်မှာ ဆော်ဒီအာရေဗျအသင်းအနေနဲ့လည်း ဥရုဂွေးနဲ့ သရေကျခဲ့ပြီးနောက် ယုံကြည်မှုရှိရှိနဲ့ ဒီပွဲကို ချဉ်းကပ်လာမှာဖြစ်ပြီး၊ ခံစစ်ကျစ်ကျစ်လစ်လစ် ကစားတတ်တဲ့ အသင်းဖြစ်တာကြောင့် စပိန်တိုက်စစ် အလုပ်ရှုပ်ရဦးမယ့် နောက်တစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။
စပိန်အတွက် ဒီပွဲဟာ အနိုင် ၃ မှတ် မဖြစ်မနေ လိုအပ်နေတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ဖိအားတွေအောက်မှာ သူတို့ရဲ့ အရည်အသွေးအစစ်ကို ပြသနိုင်သွားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။
နယ်သာလန် vs ဆွီဒင်
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (F) ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ ဆွီဒင်အသင်းတို့ ထိပ်တိုက်တွေ့ဆုံကြတော့မှာပဲ ဖြစ်ပါတယ်။ ဒီပွဲဟာ အုပ်စုဗိုလ်နေရာအတွက် အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်လာနေပြီး၊ နယ်သာလန်အသင်းက ဂျပန်အသင်းနဲ့ (၂-၂) ဂိုးစီ သရေကျခဲ့ပေမဲ့ အုပ်စုဗိုလ်နေရာအတွက် ရေပန်းစားနေဆဲဖြစ်ပြီး၊ လူငယ်နဲ့ အတွေ့အကြုံရင့် ကစားသမားတွေကို ပေါင်းစပ်ထားတဲ့ ဒီအသင်းဟာ ဘောလုံးကိုင်ကစားရာမှာ စနစ်တကျရှိပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်တဲ့ အသင်းတစ်သင်းအဖြစ် ရှိနေပါတယ်။
တစ်ဖက်မှာလည်း ဆွီဒင်အသင်းက တူနီးရှားကို (၅-၁) ဂိုးနဲ့ အနိုင်ယူထားပြီး ယုံကြည်မှုအပြည့်နဲ့ ဒီပွဲကို ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဗစ်တာယောဂရက်နဲ့ အလက်ဇန်းဒါးအိုက်ဇက်တို့ ဦးဆောင်လာမယ့် တိုက်စစ်ပိုင်း ထက်မြက်မှုနဲ့ မြန်နှုန်းတွေက နယ်သာလန်ခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်း ရှိနေပါတယ်။
နည်းစနစ်ပိုင်းအရ ကြည့်မယ်ဆိုရင် နယ်သာလန်က ဘောလုံးပိုင်ဆိုင်မှုကို အသာစီးယူဖို့ ကြိုးစားမှာဖြစ်ပြီး အလယ်တန်းကနေ ပွဲကို ထိန်းချုပ်ချင်လာမှာဖြစ်ကာ၊ ဆွီဒင်ကတော့ ခံစစ်ကို ကျစ်ကျစ်လစ်လစ် တည်ဆောက်ပြီး နေရာလွတ်ရတာနဲ့ မြန်မြန်ဆန်ဆန် ပြန်လည်တိုက်စစ်ဆင်ဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်။
ဒီပွဲရဲ့ အဆုံးအဖြတ်က ကွင်းလယ်တိုက်ပွဲမှာ ရှိနေပြီး ဘယ်အသင်းက ကွင်းလယ်ကို ပိုပြီး ထိန်းချုပ်နိုင်မလဲ၊ ဘယ်အသင်းက အခွင့်အရေးတွေကို ပိုပြီး အသုံးချနိုင်မလဲဆိုတာက ရလဒ်ကို ဆုံးဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
လူစာရင်းအရ နယ်သာလန်က အနည်းငယ် အသာရနေပေမဲ့ လက်ရှိပုံစံကောင်းပြနေတဲ့ ဆွီဒင်ကိုတော့ လျှော့တွက်လို့မရဘဲ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။
