အာဂျင်တီးနားကို အနိုင်ယူပြီး ကမ္ဘာ့ဖလားကို ထိုက်တန်စွာ ကိုင်မြှောက်ခဲ့တဲ့ စပိန်
စပိန်အသင်းဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ၁-၀ နဲ့ အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံအဖြစ် သမိုင်းစာမျက်နှာသစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ ပွဲအစကနေ ပွဲပြီးချိန်အထိ ဘောလုံးပိုင်ဆိုင်မှု၊ ပေးပို့ပုံ၊ ဖိအားပေးပုံနဲ့ ကစားကွက်အရ စပိန်က လုံးဝလွှမ်းမိုးထားနိုင်ခဲ့ပြီး အာဂျင်တီးနားကို သူတို့စိတ်ကြိုက် ကစားခွင့်မပေးခဲ့ဘဲ ဗိုလ်စွဲဖို့ လိုအပ်တဲ့ တည်ငြိမ်မှု၊ စည်းကမ်းနဲ့ အရည်အသွေးကို စပိန်က အပြည့်အဝ ပြသနိုင်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ် ဖြစ်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ အာဂျင်တီးနားဟာ ပြိုင်ပွဲတစ်လျှောက် ခက်ခက်ခဲခဲ တက်လာခဲ့ရတဲ့ ဒဏ်ကြောင့် ဖိုင်နယ်မှာ အားအင်ကုန်ခမ်းနေသလို မြင်တွေ့ရပါတယ်။ ကွင်းလယ်မှာ ဘောလုံးမထိန်းနိုင်တော့သလို ရှေ့တန်းကလည်း အခွင့်အရေး ဖန်တီးမှု နည်းပါးခဲ့ပါတယ်။ မက်ဆီကို ဗဟိုပြုကစားဖို့ ကြိုးစားခဲ့ပေမဲ့ စပိန်ရဲ့ စုစည်းကာကွယ်မှုကြောင့် ထိရောက်မှု မရှိခဲ့ဘဲ အာဂျင်တီးနားရဲ့ တိုက်စစ်ဟာ အသက်မဲ့သွားခဲ့ပါတယ်။
ပွဲအရှိန် နောက်ကျလာတာနဲ့အမျှ အာဂျင်တီးနားက နည်းစနစ်ထက် အဂရက်စစ် ပိုဆန်လာခဲ့ပါတယ်။ နောက်ကျ ဖိအားကြောင့် ပြင်းထန်တဲ့ ဖျက်ထုတ်မှုတွေ၊ မလိုအပ်တဲ့ အငြင်းပွားမှုတွေ များလာခဲ့ပြီး အဝါကဒ်တွေ ဆက်တိုက်ထိခဲ့သလို နောက်ဆုံးမှာ အနီကဒ်ပါ ထွက်ပေါ်လာခဲ့ပါတယ်။ အနိုင်ရဖို့ စိတ်အားထက်သန်မှုက နားလည်နိုင်ပေမဲ့ အာရုံထိန်းချုပ်မှု ပျက်ယွင်းသွားတာက သူတို့ရဲ့ မျှော်လင့်ချက်ကို ပိုမိုဝေးကွာစေခဲ့ပါတယ်။
အဲ့ဒီအချိန်မှာတော့ စပိန်က အလွန်တည်ငြိမ်နေခဲ့ပါတယ်။ ဂိုးတစ်ဂိုး ရပြီးနောက် အလျင်လို မကစားဘဲ ဘောလုံးကို စိတ်ရှည်ရှည် ထိန်းထားပြီး ပြိုင်ဘက်ကို ပြေးလိုက်စေခဲ့ပါတယ်။ ကွင်းလယ်က ဘောလုံးလည်ပတ်မှု၊ ခံစစ်အချိတ်အဆက်နဲ့ အသင်းလိုက် လှုပ်ရှားမှုတွေဟာ ချန်ပီယံအသင်းတစ်သင်းရဲ့ အရည်အသွေးကို ထင်ဟပ်စေခဲ့ပြီး အာဂျင်တီးနားအတွက် ပြန်လည်ထိုးဖောက်ဖို့ လမ်းမရှိသလောက် ဖြစ်သွားစေခဲ့ပါတယ်။
ပွဲပြီးခါနီးမှာတော့ မက်ဆီက နောက်ဆုံးအကြိမ် ကြိုးစားအားထုတ်မှုတွေနဲ့ အသင်းကို ပြန်လည်အသက်သွင်းဖို့ အပြင်းအထန် ရုန်းကန်ခဲ့ပါတယ်။ ဒါပေမဲ့ စပိန်ခံစစ်ရဲ့ စည်းကမ်းကျတဲ့ ကာကွယ်ပုံကြောင့် အဲ့ဒီကြိုးစားမှုတွေဟာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ မက်ဆီရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးကို မြင်တွေ့ခဲ့ရပေမဲ့ ဒီညမှာတော့ စပိန်အသင်းရဲ့ စုစည်းအားက ပိုမိုသာလွန်နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဒီဖိုင်နယ်ဟာ ဘယ်အသင်းက ပိုကောင်းခဲ့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း အဖြေပေးခဲ့ပါတယ်။ စပိန်ဟာ ပြိုင်ပွဲတစ်လျှောက် ပြသခဲ့တဲ့ ခြေစွမ်း၊ နည်းစနစ်၊ တည်ငြိမ်မှုနဲ့ အသင်းလိုက် ကစားပုံတို့ကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ အပြည့်အဝ ထိုက်တန်ခဲ့ပါတယ်။ စပိန်တို့ရဲ့ ဂျာစီပေါ်မှာ ကြယ်တစ်လုံးကနေ ကြယ်နှစ်လုံးဆီကို ရောက်ရှိခဲ့တဲ့ ဒီအောင်မြင်မှုဟာ စပိန်ဘောလုံးသမိုင်းမှာ အမှတ်ရစရာ အခိုက်အတန့်တစ်ခုအဖြစ် အမြဲတမ်း ကျန်ရှိနေတော့မှာပဲ ဖြစ်ပါတယ်။
