ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်မှုမရှိတဲ့ မည်သည့်နိုင်ငံရေးဖြစ်စဉ်မဆို အောင်မြင်မှာမဟုတ်ဟု NLD ထုတ်ပြန်

Author CJ Platform
Categories
Published on Jul 20, 2026

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ တရားဝင် အာဏာရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားပြုမှုရှိတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသားအင်အားစုတွေ အပြည့်အဝပါဝင်မှုမရှိတဲ့ မည်သည့်နိုင်ငံရေးဖြစ်စဉ်မျိုးမဆို ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြည့်ဝစွာရရှိဖို့ ခက်ခဲမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

မြန်မာ့နိုင်ငံရေးပြဿနာရဲ့ မူလအကြောင်းအရင်းမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ စစ်အုပ်စုက လက်နက်အားကိုးနဲ့ အာဏာသိမ်းယူခဲ့ခြင်းကြောင့်ဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင်ဆောင်ရွက်မှုသည်လည်း မရှိမဖြစ် လိုအပ်တယ်လို့ ဆိုထားပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံနဲ့ မိတ်ဆွေနိုင်ငံတွေရဲ့ အပြုသဘောဆောင် ကြိုးပမ်းမှုတွေကို ကြိုဆိုပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း အတည်ပြုချက်ကိုလည်း ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

 

သို့သော် အာဆီယံရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒဟာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမည့် အုပ်ချုပ်ရေးကို အသိအမှတ်ပြုတဲ့ အဆင့်ကို မရောက်ရှိသွားစေဖို့ အရေးကြီးကြောင်းလည်း NLD က ထောက်ပြထားပါတယ်။

 

နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထိန်းသိမ်းထားခြင်းဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အဓိက အတားအဆီးဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အင်အားစုတွေကို လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခ ချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မည်လို့လည်း အလေးအနက် ထောက်ပြထားပါတယ်။

 

လက်ရှိ အကျပ်အတည်းကို လက်တွေ့ဆန်စွာ ဖြေရှင်းနိုင်ရန်အတွက် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို အတားအဆီးမရှိ ထိရောက်စွာ ပေးအပ်နိုင်ရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတို့ကို အကောင်အထည်ဖော်ရန် တောင်းဆိုထားပါတယ်။

 

NLD အနေဖြင့် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဟု ယုံကြည်ပြီး တွေ့ဆုံညှိနှိုင်း အဖြေရှာရေးမူကို အစဉ်အမြဲ ကိုင်စွဲထားကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီ အခြေခံမူတွေနဲ့ ဥပဒေစိုးမိုးရေးတို့အပေါ် အခြေခံကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။