စစ်အုပ်စုတပ်ထံအပ်ရန် ကောက်လာသည့်မိုင်းပေါက်ကွဲပြီး ပျူစောထီး ၃ ဦးသေဆုံး၊ လက်နက်ချခဲ့တဲ့ ပလဖအဖွဲ့ဝင်တွေ ပါဝင်

Author CJ Platform
Categories
Published on Jun 20, 2026

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်အုပ်စုတပ်ကို သွားရောက်အပ်နှံဖို့ ပျူစောထီး (ပြည်သူ့စစ်) အဖွဲ့ဝင်တွေ ကောက်ယူသယ်ဆောင်လာတဲ့ မိုင်းပေါက်ကွဲပြီး၊ ပျူစောထီးအဖွဲ့ဝင် ၃ ဦး သေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိတယ်လို့ စစ်ကိုင်းမြို့နယ်က မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ်၊ ကျောက်တာရွာဘက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က မိုင်းတွေ့ရှိခဲ့တာကြောင့် စစ်အုပ်စုတပ်ကို အပ်နှံဖို့ စစ်ကိုင်းတောင် ပျူစောထီးခေါင်းဆောင် ဦးဝေပုလ္လရဲ့ စေခိုင်းချက်ကြောင့် ပျူစောထီးအဖွဲ့တွေ သွားရောက်ယူဆောင်ခဲ့ရာမှာ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က လမ်းမှာတင် ပေါက်ကွဲသေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

“တလောက အမှောင်ဝင်တဲ့ကောင်တွေလေ။ ဝေပုလ္လဆီတောင် ကြာကြာမနေလိုက်ရကြဘူး၊ သေရော။ အမှောင်ဝင်တဲ့ကောင်တွေ ပလဖကကောင်တွေ၊ ကောင်မကတော့ မသေဘူး” လို့ စစ်ကိုင်းမြို့နယ်က ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မိုင်းပေါက်ကွဲမှုကြောင့် ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ အိမ်စီးကားတစ်စီးလုံး မီးလောင်ကျွမ်းခဲ့ရပြီး၊ ကားပေါ်လိုက်ပါလာတဲ့ ပျူစောထီးအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကားပေါ်ပါဝင်လာသူတွေဟာ မျိုးကြီး၊ အိုဘီ၊ ကျောက်ကြီးနဲ့ ပေါက်စတို့ ဖြစ်ကြပြီး၊ ကျန်တစ်ဦးကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆက်လက်ပြောပြပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကွန်းနယ်မြေကို တာဝန်ယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ စစ်ရေးဒုတာဝန်ခံ ကိုဟိန်းထက်ဇော် (ခ) ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဟာ စစ်အုပ်စုဆီ လက်နက်ချခဲ့ကြောင်း ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

အဆိုပါအဖွဲ့ရဲ့ လက်နက်ချမှုတွေကိုတော့ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေမှာ ရုပ်သံတွေ၊ ပုံတွေနဲ့တကွ ဖော်ပြထားရာမှာ လက်နက် ၆ လက်၊ ဗုံးသီးတွေ၊ ကျည်အိမ်တွေနဲ့ အခြားခဲယမ်းတချို့ ပါဝင်ပြီး၊ ကျောက်တာပြည်သူ့စစ်နဲ့ ချိတ်ဆက်ကာ အလင်းဝင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်