ဧရာ၀တီတိုင်းအတွင်း PDF များ ရေလမ်းကြောင်းမှ ၀င်လာပါက သိရှိရန်ဟုဆိုကာ စက်လှေနှင့် သင်္ဘောများကို မြို့နယ်အလိုက် အရောင်ခွဲ ဆေးသုတ်ခိုင်း

Author လင်းခိုင်
Categories
Published on Nov 05, 2022

ဧရာ၀တီတိုင်းအတွင်း PDF များ ရေလမ်းကြောင်းမှ ၀င်လာပါက သိရှိနိုင်ရန်ဟုဆိုကာ စက်လှေနှင့် သင်္ဘောများကို မြို့နယ်အလိုက် အရောင်ခွဲ ဆေးသုတ်ခိုင်းထားကြောင်း ရေယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။

“ ဧရာ၀တီက ရေလမ်းခရီးများတဲ့ အတွက် PDF တွေရေကြောင်းကနေ ၀င်လာရင် စက်လှေ အရောင်မတူတာနဲ့ ကမ်းပေါ်ကနေချက်ခြင်းသိအောင်ဆိုပြီး မြို့နယ်အလိုက် အရောင်ခွဲပြီး ဆေးသုတ်ခိုင်းတာ၊ အတော်အူကြောင်ကြောင်နိုင်တာ၊ မလုပ်ရင်လဲ PDF ဆိုပြီး အလကားနေဖမ်းခံရအုန်းမယ်” ဟု ဧရာ၀တီတိုင်းအတွင်းရှိ ရေယာဉ် လုပ်ငန်းရှင် တစ်ဦးက CJ Platform သို့ပြောကြားသည်။

ယခုကဲ့သို့ လုပ်ဆောင်ရန် စစ်ကောင်စီက အောက်တိုဘာ လအတွင်းမှ စတင်ကာ ရေယာဉ်လုပ်ငန်းရှင်များထံသို့ ညွှန်ကြားထားခြင်းဖြစ်ပြီး သတ်မှတ်အရောင်အတိုင်း ဆေးသုတ်ထားခြင်းမရှိပါက အရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်းလည်း ရေယာဉ် လုပ်ငန်းရှင်များက ပြောကြားသည်။

ဧရာ၀တီတိုင်းအတွင်း စက်လှေနှင့် သင်္ဘောများ မြို့နယ်အလိုက် ဆေးသုတ်ခိုင်းသည့် အရောင်များသည် မြောင်းမြမြို့တွင် အပြာနု၊ အိမ်မဲ မြို့တွင် အဖြူ၊ ကျိုက်လတ်မြို့တွင် အပြာရင့်၊ ပုသိမ်မြို့တွင် အစိမ်းရင့်/လိမ္မော် အရှည်လိုင်း၊ ငပုတောမြို့တွင် ငှက်ပျောညွန့်ရောင်၊ ဝါးခယ်မမြို့တွင် အပြာ/အဝါလိုင်း၊ လပွတ္တာမြို့တွင် အစိမ်း၊ ဘိုကလေးမြို့တွင် နီညို၊ သာပေါင်းမြို့တွင် မီးခိုး+အစိမ်းရောင်လိုင်း၊ ဒေးဒရဲမြို့တွင် လိမ္မော်ရောင်၊ ရေကြည်မြို့တွင် ခရမ်းရောင် အား အသုံးပြုရမည်ဟု စစ်ကောင်စီက ရေယာဉ်လုပ်ငန်းရှင်များကို လုပ်ဆောင်ထားခိုင်းခြင်း ဖြစ်သည်။

ထို့ပြင် မအူပင်မြို့တွင် နက်ပြာ+အဖြူလိုင်း၊ မြန်အောင်မြို့တွင် အဖြူ/အပြာလိုင်း၊ မော်ကျွန်းမြို့တွင် ပန်းရောင်၊ လေးမျက်နှာမြို့တွင် သံချေးရောင်၊ ဓနုဖြူမြို့တွင် နီညို/ဖြူလိုင်း၊ ဟင်္သာတမြို့တွင် လိမ္မော်/အပြာလိုင်း၊ ကြံခင်းမြို့တွင် အပြာ/မီးခိုးလိုင်း၊ ကန်ကြီးထောင့်မြို့တွင် အဝါ/မီးခိုးလိုင်း၊ ဖျာပုံမြို့တွင် အဖြူ/မီးခိုးလိုင်း၊ ကျောင်းကုန်းမြို့တွင် နက်ပြာ ဆေးရောင်များကို အသုံးပြုရမည်ဟု စစ်ကောင်စီက လုပ်ဆောင်ခိုင်းစေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းအား ထိန်းချုပ်ထားနိုင်သည်ဟု ကြွေးကြော်နေသော်လည်း မြို့နယ်အသီးသီးတွင် ပြောက်ကျားတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်ခြင်းများကို လစဉ်ကြုံတွေ့နေရပြီး၊ ရှေ့တန်းစစ်စခန်းများတွင် ရောက်ရှိ တိုက်ပွဲဝင်နေသည့် ဧရာဝတီတိုင်းသူ တိုင်းသားများ ပြန်လည်ဝင်ရောက်လာကာ မြို့ပြတိုက်ပွဲများ ဆင်နွှဲမည်ကို စိုးရိမ်ပူပန်နေလျှက်ရှိနေသည်။

ပုံစာညွှန်း- စစ်ကောင်စီ၏ ရေယာဉ်လုပ်ငန်းရှင်များထံ ညွှန်ကြားစာ
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #စက်လှေ #ရေယာဉ်များ #အရောင်ခွဲခြား