သထုံမြို့တွင် ဆိုင်ကယ်နှစ်စီး စလစ်ဖြစ်ပြီးတိုက်မိရာမှ  ၁ ဦးသေ ၂ ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Jun 16, 2026

မွန်ပြည်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်မှာ ဇွန်လ ၁၅ ရက် ည ၁၀ နာရီခွဲက ဆိုင်ကယ်နှစ်စီး စလစ်ဖြစ်ပြီး တိုက်မိရာကနေ တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့ည ၁၀ နာရီခွဲက ဘင်လှိုင်ရပ်ကွက်၊ ဘင်လှိုင်အောက်လမ်းမကြီးမှာ ရှေ့နောက်မောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီး စလစ်ဖြစ်ပြီး နှစ်စီးစလုံး မှောက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“နှစ်စီး အတူတူမောင်းလာတာ။ ရှေ့ကဆိုင်ကယ်က စလစ်ဖြစ်ပြီး မှောက်သွားတော့ အနောက်ကဆိုင်ကယ်က ဘရိတ်အုပ်လို့ မရတော့ဘဲ သူပါထပ်မှောက်တာ။ ၃ ယောက်စလုံး ဒဏ်ရာရတယ်။ ဆေးကုသနေရင်း ၁ ယောက် သေဆုံးသွားတယ်” လို့ သူက ဆိုပါတယ်။

 

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူ ၃ ဦးကို လူမှုကယ်ဆယ်ရေးအသင်းတွေက သထုံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ၊ တစ်ဦးမှာ ဆေးကုသမှု ခံယူနေရင်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

 

လွန်ခဲ့တဲ့ မေလ ၁၀ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း သထုံ-ဘားအံသွားကားလမ်း၊ မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံနဲ့ ၄ ဖာလုံကြားမှာ ကားနဲ့ ဆိုင်ကယ်တိုက်မိပြီး တက္ကသိုလ်ကျောင်းသူ ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

 

အလားတူပင် ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက် ညနေ ၆ နာရီကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၄/၅) မှာ ခရီးသည်တင်ယာဉ်နဲ့ ဟိုက်ဂျက်ယာဉ် တိုက်မိပြီး သံဃာတော် ၉ ပါးနဲ့ လူ ၄ ယောက် သေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – အဖြူရောင်နှလုံးသား ကယ်ဆယ်ရေးအသင်း