၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အုပ်စု (I) အုပ်စု (J) မှ နာမည်ကြီး ပြင်သစ်၊ နော်ဝေ၊ အာဂျင်တီးနားတို့ အခြေအနေကောင်းနိုင်ပါ့မလား
ပြင်သစ် vs ဆီနီဂေါ
ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ ပြင်သစ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အာဖရိကအင်အားကြီး ဆီနီဂေါအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မီ ကြယ်ပွင့်ကစားသမားများစွာ ပိုင်ဆိုင်ထားတဲ့ ပြင်သစ်အသင်းအတွက် အုပ်စုအဖွင့်မှာ သုံးမှတ်ပြည့် ရယူနိုင်ဖို့ အရေးကြီးနေပြီး၊ အရှေ့ရက်တွေက အသင်းကြီးတော်တော်များများရဲ့ ခြေချော်ထားမှုတွေကလည်း ပြင်သစ်တို့အနေနဲ့ ဒီပွဲမှာ ခြေမချော်ဖို့ သတိထားရမယ့် အချက်ဖြစ်လာပါတယ်။ ကီလီယန် အမ်ဘာပေ၊ အူစမန် ဒမ်ဘီလီ တို့ ဦးဆောင်လာမယ့် ပြင်သစ်အသင်းအနေနဲ့ ဆီနီဂေါရဲ့ မြန်နှုန်းမြင့် တန်ပြန်တိုက်စစ်တွေကို သတိထားသွားရဖို့ ရှိနေပါတယ်။
ပြင်သစ်ဟာ ပုံမှန်အားဖြင့် ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းကျော်နဲ့ ကစားလေ့ရှိတဲ့ အသင်းဖြစ်ပြီး၊ Full Back နှစ်ဖက်ကို မြှင့်တင်အသုံးပြုကာ တိုက်စစ်တည်ဆောက်လေ့ရှိပါတယ်။ ဒါပေမဲ့ Full Back တွေ တိုက်စစ်ကို လိုက်ပါတဲ့အချိန်မှာ အနောက်တန်းမှာ နေရာလွတ်တွေ ပေါ်လာတတ်တာကြောင့်၊ ဆီနီဂေါလို မြန်နှုန်းမြင့် တန်ပြန်တိုက်စစ်ကောင်းတဲ့ အသင်းအတွက် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။
ဆီနီဂေါဘက်ကတော့ Deep Block ပုံစံနဲ့ နောက်တန်းမှာ လူအများကြီးချထားပြီး၊ ဘောလုံးရတာနဲ့ တောင်ပံဘက်ကို မြန်မြန်ထိုးဖောက်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။ အထူးသဖြင့် ပြင်သစ်ရဲ့ ကွင်းလယ် Pressing ကို ကျော်ဖြတ်နိုင်ခဲ့ရင် Counter Attack ကနေ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရှိနေပါတယ်။ ပြင်သစ်အသင်း ဂိုးစောစောရမလားဆိုတာက ပွဲရဲ့အဓိကအဖြေ ဖြစ်လာနိုင်ပြီး၊ ပြင်သစ်တို့ အစောပိုင်းဂိုးရခဲ့ရင် ပွဲကို ထိန်းကစားဖို့ လွယ်ကူသွားမှာဖြစ်ပေမယ့် မရခဲ့ရင်တော့ ဆီနီဂေါရဲ့ခံစစ်ကို ဖွင့်ဖောက်ဖို့ ခက်ခဲလာမှာ ကျိန်းသေပဲ ဖြစ်ပါတယ်။
အီရတ် vs နော်ဝေ
ဒီနေ့ပွဲစဉ်တွေထဲမှာ ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ပွဲတစ်ပွဲကတော့ အီရတ်နဲ့ နော်ဝေတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။ နော်ဝေအသင်းမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်တဲ့ အာလင်း ဟာလန်းနဲ့ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်တို့ ပါဝင်နေတာကြောင့်၊ အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်ကို လူအများက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ အိုဒီဂတ်ရဲ့ ဖန်တီးပေးနိုင်စွမ်းတို့ ပေါင်းစပ်နိုင်မယ်ဆိုရင် နော်ဝေအသင်းဟာ ဒီကမ္ဘာ့ဖလားရဲ့ ဖြတ်မြင်းအသင်းတွေထဲက တစ်သင်း ဖြစ်လာနိုင်တယ်လို့ အများက မျှော်လင့်ထားကြပါတယ်။
အီရတ်အသင်းကတော့ စိတ်ဓာတ်မာကျောပြီး အသင်းလိုက်စုဖွဲ့ကစားနိုင်တဲ့ အသင်းဖြစ်တာကြောင့် လျှော့တွက်လို့မရပါဘူး။ လူစာရင်းအရ အင်အားချင်းယှဉ်ရင် နော်ဝေက အသာရနိုင်ပေမဲ့၊ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာကို အရှေ့ရက်တွေမှာ အသင်းတော်တော်များများက သက်သေပြထားပြီးဖြစ်တာကြောင့် နော်ဝေတို့ သတိကြီးကြီးနဲ့ ချဉ်းကပ်ဖို့တော့ လိုအပ်ပါတယ်။
အာဂျင်တီးနား vs အယ်လ်ဂျီးရီးယား
လက်ရှိကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားအသင်းကတော့ အဖွင့်ပွဲမှာ အယ်လ်ဂျီးရီးယားအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီခေတ်နောက်ပိုင်း အသင်းသစ်တည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်နေတဲ့ အာဂျင်တီးနားဟာ အသင်းလိုက်ကစားပုံ၊ ဘောလုံးပိုင်ဆိုင်မှုနဲ့ တိုက်စစ်ဖန်တီးနိုင်စွမ်းတွေမှာ အားသာချက် ရှိနေပါတယ်။
အယ်လ်ဂျီးရီးယားအသင်းကတော့ အာဖရိကအသင်းတွေထဲမှာ အတွေ့အကြုံရှိတဲ့ အသင်းတစ်သင်းဖြစ်ပြီး၊ တန်ပြန်တိုက်စစ်တွေကနေ အန္တရာယ်ပေးနိုင်ပေမယ့် အာဂျင်တီးနားရဲ့ အရည်အသွေးမြင့် ကစားသမားစုဖွဲ့မှုကို ရင်ဆိုင်ဖို့ ခက်ခဲနိုင်မှာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားအသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော်လောက်အထိ ရယူပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားလာဖွယ် ရှိပါတယ်။ အယ်လ်ဂျီးရီးယားကတော့ 4-5-1 သို့မဟုတ် 4-2-3-1 ပုံစံနဲ့ နောက်တန်းကို ကျစ်ကျစ်လျစ်လျစ်ထားပြီး၊ အာဂျင်တီးနားရဲ့ ကွင်းလယ် Passing Lane တွေကို ပိတ်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ အားသာချက်ကတော့ Positional Play ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားတွေဟာ ဘောလုံးကို တစ်ဖက်ကနေ တစ်ဖက် ပြောင်းရွှေ့ရင်း နေရာလွတ်ရှာဖွေတတ်ပြီး Half Space တွေကို ကောင်းကောင်းအသုံးချနိုင်တာကြောင့်၊ အယ်လ်ဂျီးရီးယားက ခံစစ်ကို အရမ်းနောက်ဆုတ်ထားမယ်ဆိုရင် အာဂျင်တီးနားတို့ ထင်သလောက် လွယ်ကူမှာမဟုတ်တဲ့ ပွဲစဉ်တစ်ပွဲကို ကစားရဖို့ ရှိနေပါတယ်။
