ပုဏ္ဏားကျွန်းမြို့အနီး စက်လှေတိမ်းမှောက်ပြီး ခရီးသည်အနည်းဆုံး ၉ ဦးသေဆုံး၊ ပျောက်ဆုံးနေသူတွေလည်း ရှိနေ

Author CJ Platform
Categories
Published on Jun 15, 2026

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒီကနေ့ ဇွန် ၁၅ရက်  နံနက် ၁၁ နာရီခန့်က စက်လှေတစ်စင်း တိမ်းမှောက်ခဲ့ရာမှ ခရီးသည် ၉ ဦး သေဆုံးခဲ့ပြီး၊ လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းကျွန်း၊ ဂူတောင်ကျေးရွာကနေ ကျောက်တော်မြို့ပေါ်သို့ ဈေးဝယ်ထွက်လာတဲ့ ခရီးသည်တင်စက်လှေဟာ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တောင် ကြိုးတံတားအနီးရှိ ကင်းချောင်းအရောက်မှာ ချောင်းရေစီးသန်တာကြောင့် ကမ်းကပ်ဖို့ လုပ်ဆောင်စဉ် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက ဆိုပါတယ်။

 

” ဦးရာဇ်တော်တံတားနားကို ရောက်တဲ့အချိန်မှာ ရေစီးသန်တဲ့အတွက် ကမ်းကပ်ဖို့အလုပ်မှာ ရေစီးသန်နေလို့ ကမ်းကပ်ရတာ အဆင်မပြေတာ၊ စက်လှေကြိုးတွေ သေချာချည်လို့မရတာတွေကြောင့် စက်လှေအတွင်းမှာ ပါလာတဲ့သူတွေက အပြင်ကို ထွက်မရလိုက်ဘဲ သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်” လို့ ကူညီကယ်ဆယ်ရေးတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုခိုင်ဟိန်းထက်က ပြောပါတယ်။

 

အဲဒီစက်လှေပေါ်မှာ ခရီးသည် စုစုပေါင်း ၃၅ ဦး လိုက်ပါလာခဲ့တာဖြစ်ပြီး၊ လက်ရှိမှာ မြေပြင်အရင်းအမြစ်တွေထံကနေ သေဆုံးကြောင်း အတည်ပြုထားသူ ၉ ဦးအထိ ရှိလာပြီဖြစ်ကာ အသက်ရှင်ကျန်ရစ်သူ ၂၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါ ခရီးသည်တွေထဲက ကိုကျော်ဇော်နိုင် (ခ) မောင်ဇီ၊ ဦးခင်မောင်၊ အမှုံချေ၊ ဒေါ်ခင်စိုးဝေ၊ ဒေါ်မသောင်း၊ ဒေါ်ရီရီဆန်း၊ ဦးဉာဏ်လင်းနိုင် (ခ) ပြူးတောင် စုစုပေါင်း ဂူတောင်ကျေးရွာမှ ၇ ဦးနဲ့ ဂူတောင်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေသူ ပါဒလိတ်ကျေးရွာက စစ်ဘေးရှောင် ဒေါ်နီနီဝင်း (ခ) ဘုဘုချေ ၁ ဦး၊ စုစုပေါင်း ၈ ဦးကို သေဆုံးကြောင်း မြေပြင်သတင်းအရင်းအမြစ်အရ အတည်ပြုထားနိုင်ခဲ့ပါတယ်။

 

ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူတွေထဲက ၃ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ အဲဒီထဲက ၁ ဦးမှာ ဒဏ်ရာပြင်းထန်လွန်းတာကြောင့် အရေးပေါ်ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ နီးစပ်ရာ ဒေသခံတွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပျောက်ဆုံးနေသူတွေကို ရေပြင်အတွင်း လိုက်လံရှာဖွေနေကြပါတယ်။

 

အလားတူပဲ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း မင်းပြားမြို့နယ်မှာ စက်လှေတိမ်းမှောက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ မူဆလင် ၁၀ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

 

ဓာတ်ပုံ – ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း