လမ်းဘေးရပ်ထားတဲ့ သစ်လုံးကားကို ရဲကားဝင်တိုက်၊ ရဲတပ်သား ၁ ဦးသေ ၃ ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on Jun 15, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးတံတားအနီးမှာ ဇွန် ၁၄ ရက်နေ့ ည ၇ နာရီခန့်က ရပ်ထားတဲ့ သစ်လုံးတင်ကားကို ရဲကားက ဝင်တိုက်မိတာကြောင့် ရဲတပ်သားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့ည ၇ နာရီက ရေးမြို့နယ်အတွင်း လှည့်ကင်းလှည့်နေတဲ့ ရဲကားတစ်စီးဟာ ချောင်းမြောင်းပစ်ခတ်ခံရမှာ စိုးရိမ်တာကြောင့် ဘေးဘီဝဲယာကို ကြည့်ရှုရင်း မောင်းနှင်လာရာကနေ လမ်းဘေးမှာ ရပ်ထားတဲ့ သစ်လုံးကားကို အရှိန်နဲ့ ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရေးမှာ လှည့်ကင်းလှည့်နေတဲ့ ရဲကားက အပစ်ခံရမှာစိုးလို့ ဘေးဘီဝဲယာကြည့်ပြီး မောင်းလာရင်း ရေးတံတားနားမှာ ရပ်ထားတဲ့ သစ်လုံးတင်တဲ့ကားကို ဝင်တိုက်တာ။ ကားမောင်းတဲ့ရဲ သေဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်” လို့ ၎င်းက ဆိုပါတယ်။

 

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ရေးတံတားအနီးက စစ်အုပ်စုတပ်နဲ့ ရဲတွေက ရေးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

“ရေးမှာက မကြာခဏဆိုသလို အပစ်ခံနေရတော့ ရဲတွေ ကြောက်တာပေါ့။ မိုးကလည်း ရွာထားတဲ့အချိန် ဘေးဘီဝဲယာလည်း ကြည့်ပြီး မောင်းနေရတော့ စလစ်ဖြစ်ပြီး ရပ်ထားတဲ့ သစ်လုံးကားကို အရှိန်နဲ့ ဝင်တိုက်တာ” လို့ သူက ရှင်းပြပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ ည ၇ နာရီကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆) ဒုတပ်ရင်းမှူး ဗိုလ်မှူးထွန်းရာကျော် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news