ကျားဖြန့်ဂိုဏ်းတွေ တောတွင်းရွှေ့ပြောင်းလာမှုကြောင့် ကရင်ဒေသတွင်း ရှားပါးတောရိုင်းတိရစ္ဆာန်တွေ မျိုးသုဉ်းမယ့်ဘေး ရင်ဆိုင်နေရ
မြန်မာ-ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေဟာ နိုင်ငံတကာဖိအားတွေကြောင့် လူသူမနီးတဲ့ တောတောင်တွေထဲသို့ ရွှေ့ပြောင်းအခြေစိုက်လာတာကြောင့်၊ ကရင်ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင်နဲ့ ရှားပါးတောရိုင်းတိရစ္ဆာန်တွေ မျိုးသုဉ်းမယ့် ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်သဘာဝပတ်ဝန်းကျင်အဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ယခင်က မင်းလက်ပံ၊ KK Park နဲ့ ရွှေကုက္ကိုလ်ဘက်မှာ အခြေစိုက်ခဲ့တဲ့ အဲဒီ ကျားဖြန့်လုပ်ငန်းတွေဟာ နိုင်ငံတကာရဲ့ စောင့်ကြည့်ဖိအားပေးမှုတွေကြောင့် နယ်စပ်မြို့ပေါ်ရှိ လုပ်ငန်းတွေကို အယောင်ပြနှိမ်နင်းကာ လက်ရှိမှာ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါ်လေ၊ ဘုရားသုံးဆူနဲ့ ဝမ်းခါ၊ သေ့ကတီ ဒေသဘက်သို့ ရွှေ့ပြောင်းတိုးချဲ့လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။
အဲဒီလို တောတောင်တွေကို ခုတ်ထွင်ရှင်းလင်းကာ ကျားဖြန့်စခန်းတွေ အပြိုင်အဆိုင် ဆောက်လုပ်လာခြင်းကြောင့် တောရိုင်းတိရစ္ဆာန်တွေရဲ့ စားကျက်မြေတွေ ပျောက်ဆုံးနေရုံသာမက၊ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေက ရှားပါးတောရိုင်းသားကောင်တွေကို ဈေးကောင်းပေးပြီး စားသုံးဖို့နဲ့ အလှမွေးဖို့ ဝယ်ယူနေကြတာကြောင့် အမဲလိုက်မှုတွေ အဆမတန် မြင့်တက်လာတယ်လို့ သိရပါတယ်။
ကရင်သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးကွန်ရက်၊ မြေယာနဲ့ သစ်တောစီမံကိန်း တာဝန်ခံတစ်ဦးက “တရုတ်တွေက ကောင်းတဲ့တောရိုင်းကောင်တွေကိုပဲ စားချင်ကြတယ်။ ရောင်းတဲ့သူတွေကလည်း ဈေးကြီးကြီးခေါ်ပြီး ရောင်းကြတယ်။ မြွေဟောက်တစ်ကောင်ကို တစ်သောင်း၊ ဂျီတစ်ကောင်ကို ငါးထောင် (ဘတ်) စသဖြင့်ပေါ့။ ကိုယ်တိုင်သွားပစ်ပြီး ကိုယ့်ဘာသာပြန်စားရင် ပိုက်ဆံငါးထောင် မရဘူးလေ။ အဲဒါကြောင့် ဒါတွေက တောရိုင်းတိရစ္ဆာန်တွေ မျိုးပြုန်းပျက်စီးစေတဲ့၊ ကျားဖြန့်ဝင်ရောက်လာပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ကျားဖြန့်ဂိုဏ်းတွေက ငွေကြေးအဆမတန် ပေးချေနေတာကြောင့် ဒေသခံရွာသားအချို့ဟာလည်း စားဝတ်နေရေးအတွက် တောရိုင်းတိရစ္ဆာန်တွေကို အထိန်းအကွပ်မဲ့ အမဲလိုက်ရှာဖွေကာ တရုတ်စကားပြန်တွေကတစ်ဆင့် ပြန်လည်ရောင်းချမှုတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
တောကောင်သား ရောင်းချခဲ့ဖူးတဲ့ ဒေသခံတစ်ဦးက “တရုတ်က ဈေးတစ်ချက်တည်းခေါ်ရင် ခေါ်သလို ရတယ်။ သူတို့က ဝယ်တာပဲ။ ပူး၊ ဂျီ၊ ဝက်ဝံသား၊ ဝက်ဝံလက်ဝါး၊ ဝက်ဝံခြေဖဝါးတွေပါ ဝယ်တယ်။ မြွေဟောက်ဆိုရင် တချို့ကကျတော့ ဝယ်ပြီးပြန်လွှတ်တယ်လို့ ပြောကြတယ်။ ကျွန်တော်တို့က တရုတ်စကားပြန်တွေကတစ်ဆင့် သွားရောင်းပြီး သူတို့က တရုတ်တွေဆီ ပြန်ပို့ပေးတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ကာလက မင်းလက်ပံကျားဖြန့်စခန်းကို KNU က ဝင်ရောက်ရှင်းလင်းစဉ်က တရုတ်တွေ တရားမဝင်မွေးမြူထားတဲ့ ကျားနှစ်ကောင်ကို သိမ်းဆည်းရမိခဲ့သလို၊ ပြီးခဲ့တဲ့လပိုင်းကလည်း ထိုင်းနယ်စပ်မှတစ်ဆင့် မြန်မာဘက်ခြမ်း ကျားဖြန့်စခန်းတွေထံ မှောင်ခိုပို့ဆောင်မယ့် ဝက်ဝံသားပေါက်တွေကို ထိုင်းနယ်ခြားစောင့်တပ်တွေက ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ယခုကဲ့သို့ ကျားဖြန့်လုပ်ငန်းတွေကြောင့် ကရင်ဒေသရဲ့ သစ်တောဧရိယာနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေအပေါ် ကြီးမားတဲ့ ပျက်စီးမှုတွေ ကြုံတွေ့နေရသော်လည်း၊ အဆိုပါလုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ကန့်ကွက်တားဆီးဖို့အတွက် အသက်အန္တရာယ်နဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ဓာတ်ပုံ – CJ
