စစ်ကိုင်းတွင် ငလျင်ဘေးထောက်ပံ့ကြေးအပေါ် အဂတိလိုက်စားခဲ့တဲ့ အုပ်ကြီးဟောင်းတွေ ရာထူးပြန်ရရေး ကြိုးပမ်းနေ
စစ်ကိုင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေဆီကနေ ထောက်ပံ့ကြေးငွေတွေနဲ့ ပစ္စည်းတွေကို အာဏာပြ ဖြတ်တောက်ယူတာ၊ ထောက်ပံ့ပစ္စည်းတွေအပေါ် ဖြတ်တောက်ဝယ်ယူတာတွေ လုပ်ဆောင်ခဲ့ကြတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ရာထူးပြန်လည်ရရှိရေးအတွက် ကြိုးပမ်းလာတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းမြို့ပေါ်ရှိ မင်းလမ်း၊ ပန်းဘဲတန်း၊ ဇေယျာကွက်သစ်၊ ပါရမီ၊ ပိုးတန်း၊ တကောင်းနဲ့ စိန်ကုန်းရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးတွေဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေဆီက ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်းစတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ကာလပေါက်ဈေးထက် လျှော့ချကာ အာဏာပြ အတင်းအဓမ္မ ဝယ်ယူခဲ့တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
“ထောက်ပံ့ကြေးရတဲ့သူတွေဆီကလည်း အာဏာပြငွေတောင်းတာတွေ ရှိတယ်။ ငွေတောင်းလို့ ပြဿနာတက်တာတွေလည်း ရှိပါတယ်။ အောက်ခြေအုပ်ကြီးတွေထဲမှာ တချို့ဆိုရင် ဖိနပ်တောင် အမြီးတိုစီး၊ ကြုံရာကျပမ်း လုပ်ကိုင်စားသောက်နေတဲ့ ဘဝကနေ အခုဆို ကြီးပွားသွားတယ်ဆိုတာ ရပ်ကွက်သူရပ်ကွက်သားတိုင်း သိကြပါတယ်” လို့ စစ်ကိုင်းမြို့ခံ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီ ဖြစ်စဉ်တွေထဲမှာ ရပ်ကျေးထွေအုပ်စာရေးတွေပါ အဂတိလိုက်စားမှုတွေမှာ ပါဝင်နေပြီး၊ အုပ်ချုပ်ရေးမှူးတွေနဲ့အတူ ငွေကြေးတောင်းခံမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆက်လက်ပြောကြားပါတယ်။
အထူးသဖြင့် စစ်ကိုင်းမြို့ပေါ်က မင်းလမ်း၊ ပန်းဘဲတန်းနဲ့ ပါရမီရပ်ကွက်တွေက ရပ်ကျေးထွေအုပ်စာရေးတွေ ဖြစ်တယ်လို့ သိရပြီး၊ အဲဒီအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးထွေအုပ်စာရေးတွေရဲ့ လုပ်ရပ်တွေကို မြို့နယ်ထွေအုပ် တာဝန်ရှိသူတွေ သိရှိပေမယ့်လည်း အဆင့်ဆင့် အဂတိလိုက်စားမှုတွေကြောင့် နှုတ်ဆိတ်နေကြတယ်လို့ မြို့ခံတွေရဲ့အဆိုအရ သိရပါတယ်။
အဲဒီလို သတင်းတွေထွက်ပေါ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ အာဏာမက်သူအချို့ဟာ ရပ်ကွက်အဆင့် ရာထူးပြန်လည်ရရှိရေးအတွက် လုပ်ဆောင်နေကြပြီး၊ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာလည်း စစ်အုပ်စုက ခန့်အပ်မယ့် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲကို စစ်ကိုင်းမြို့ တကောင်းရပ်ကွက်မှာ စတင်ကျင်းပနေကြောင်း စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လောလောဆယ် တကောင်းရပ်ကွက်မှာ ဝင်ရောက်အရွေးခံတဲ့သူ ၁၀ ဦး ရှိတယ်။ တစ်အိမ်တစ်ယောက် မလာမနေရဆိုလို့ အိမ်ကတောင် သွားကြရတယ်။ အခုကတော့ အရင်အုပ်ကြီးဟောင်းတွေနဲ့ ရပ်ကွက်ထဲက အာဏာမက်နေတဲ့သူတွေပါ။ တစ်ရက်တည်းနဲ့ မပြီးသေးဘူး ကြားတယ်။ အရင်ဆုံး အရပ်သားတွေကို ပထမအဆင့် ရပ်မိရပ်ဖဆိုပြီး မဲအရင်ရွေးနေတာ။ ပြီးမှ အဲဒီထဲက နိုင်တဲ့လူက အုပ်ကြီးအဖြစ် ပြန်အရွေးခံရမှာ” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီ တကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ဝင်ရောက်အရွေးခံတဲ့သူတွေရဲ့ နာမည်စာရင်းနဲ့ အခြေအနေတွေကိုတော့ ဆက်လက်သိရှိနိုင်ဖို့ CJ Platform က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့ခံတွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ရာမှာ အကျင့်ပျက်ခြစားသူတွေ ပြန်လည်ဝင်ရောက်လာမှာကို မလိုလားကြသလို၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ရပ်ကျေးထွေအုပ်စာရေးတွေကိုလည်း မူလရပ်ကွက်တွေမှာ ဆက်လက်မထားရှိဘဲ ထိုက်သင့်သလို အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း ဆန္ဒရှိနေကြပါတယ်။
ဓာတ်ပုံ – ပေးပို့
