မောင်တောမှာ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ မိသားစုဝင်တွေ တောင်းဆို
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာမှာ အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ဖို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုကို ပွင့်လင်းမြင်သာစွာ စစ်ဆေးစီရင်ပေးဖို့ နစ်နာသူမိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
ဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက ကလေးငယ်ကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် ဂုန်နီအိတ်နဲ့ ထုပ်ပိုးပြီး မိခင်ဖြစ်သူနဲ့အတူ ကျေးရွာအပြင်ဘက် တောစပ်မှာ အလောင်းဖျောက်ဖျက်ဖို့ ကြိုးပမ်းခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ လူငယ်နဲ့ သူ့ရဲ့မိခင်ဖြစ်သူကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
သို့သော်လည်း အမှုဖြစ်ပွားပြီး တစ်လခန့်အကြာ ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ မိခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာခဲ့တာကြောင့် နစ်နာသူမိသားစုဝင်တွေက တရားမျှတမှုအတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ပြောပါတယ်။
နစ်နာသူမိသားစုဝင်တစ်ဦးက “ကြံရာပါအဖြစ် ဖမ်းဆီးထားသူကို ဘာကြောင့် ပြန်လွှတ်ပေးခဲ့တာကို သိချင်ကြောင်းနဲ့ အမှုကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုထားကြောင်း” ပြောပါတယ်။
ဒါ့အပြင် အမှုနဲ့ပတ်သက်တဲ့ သက်သေထွက်ဆိုချက်တွေနဲ့ စစ်ဆေးတွေ့ရှိချက်တွေကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ရှင်းလင်းပေးဖို့ လိုအပ်ကြောင်း မိသားစုဝင်တွေက ဆိုပါတယ်။
လက်ရှိမှာ နစ်နာသူမိသားစုဘက်က မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်ဖို့ ကြံစည်ဆောင်ရွက်မှုတွေအပြင် ဆက်စပ်ပြစ်မှုတွေနဲ့ တရားစွဲဆိုထားပြီး၊ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ထိရောက်ပြတ်သားစွာ အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
အခြားတစ်ဖက်မှာလည်း နစ်နာသူမိသားစုဟာ တရားရုံးချိန်းတွေကို မကြာခဏ သွားရောက်နေရတာကြောင့် အလုပ်အကိုင်နဲ့ ဝင်ငွေထိခိုက်မှုတွေ ရှိနေပြီး၊ ရှေ့နေငှားရမ်းဖို့ အခက်အခဲတွေကြောင့် အစိုးရတာဝန်ပေးရှေ့နေနဲ့သာ အမှုရင်ဆိုင်နေရကြောင်း သိရပါတယ်။
အမျိုးသမီးနဲ့ ကလေးသူငယ်အရေး လှုပ်ရှားသူတွေကလည်း ရခိုင်ဒေသအတွင်း သက်ငယ်မုဒိမ်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူဖို့နဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်တွေ ပိုမိုပွင့်လင်းမြင်သာလာစေဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။
ဒေသတွင်း စောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ ၂၀၂၄ ခုနှစ် ဇွန်လကနေ ၂၀၂၆ ခုနှစ် ဧပြီလအထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုဖြစ်စဉ် အနည်းဆုံး ၁၅ ခုခန့် ဖြစ်ပွားခဲ့ပြီး၊ အချို့အမှုတွေမှာ တရားခံတွေကို ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
CJ 011
