AA ထိန်းချုပ်နယ်မြေအတွင်း တောင်ယာလုပ်ကိုင်ခွင့် ကန့်သတ်မှုကြောင့် ဘူးသီးတောင်ဒေသခံတွေ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရ
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ ရွှေထားကျေးရွာအပါအဝင် ကျေးရွာအချို့က ဒေသခံတွေဟာ တောင်ယာလုပ်ကိုင်ခွင့်နဲ့ တောတွင်းသွားလာခွင့်တွေ ကန့်သတ်ခံထားရတာကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေထားကျေးရွာမှ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ ကျေးရွာပတ်ဝန်းကျင်မှာ တောင်တန်းတွေနဲ့ သစ်တောတွေ အများအပြားရှိပြီး ယခင်က ဒေသခံတွေဟာ တောင်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောဆိုင်ရာလုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်ခဲ့ကြကြောင်း သိရပါတယ်။
“၂၀၂၄ ခုနှစ်မှာ တောင်ထဲကို ဝင်ရောက်လုပ်ကိုင်ခွင့် မရခဲ့တဲ့အတွက် ရွာသူရွာသားတွေ စားဝတ်နေရေး အခက်အခဲဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်း ဝင်ခွင့်ရတဲ့အချိန်မှာ ငရုတ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်ခဲ့ပြီး မိသားစုတစ်စုကို ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိ ဝင်ငွေရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ တောင်ထဲ ဝင်ရောက်လုပ်ကိုင်ခွင့် မရတော့တဲ့အတွက် စားဝတ်နေရေးနဲ့ သွားလာရေး အခက်အခဲတွေ ရှိနေပါတယ်” လို့ သူက ပြောပါတယ်။
ရွှေထားကျေးရွာရှိ ဒေသခံအများစုဟာ မြောက်ဦးမြို့နယ်ကနေ ပြောင်းရွှေ့လာသူတွေဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ခန့်မှာ ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိလာခဲ့ကြကြောင်း၊ အဲဒီအချိန်က ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မိသားစုတစ်စုလျှင် လယ်ယာမြေ ၁ ဧကစီ ချထားပေးခဲ့တယ်လို့ သိရပါတယ်။
သို့သော်လည်း မိသားစုဝင်ဦးရေ တိုးပွားလာခြင်းနဲ့ အခြားစီးပွားရေးအခွင့်အလမ်း နည်းပါးခြင်းတို့ကြောင့် တောင်ယာလုပ်ငန်းအပေါ် အဓိကမှီခိုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ညောင်ချောင်းဈေးနဲ့ ရွှေထားကျေးရွာကြား ခရီးသွားချိန် ၅ နာရီခန့် ကြာမြင့်တဲ့အတွက် စီးပွားရေးလုပ်ကိုင်ရာမှာ အခက်အခဲတွေ ပိုမိုကြုံတွေ့နေရကြောင်း သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ရွှေထားကျေးရွာအပြင် ဒု-အိုးသိမ်ကျေးရွာ၊ ငွေတောင်ကျေးရွာ၊ ဘော်လီကျေးရွာ၊ သိမ်တောင်ပြင်ကျေးရွာ၊ ဘုရားပြင်အောင်ပကျေးရွာ၊ ဒုတန်းကျေးရွာ၊ ဂူတာပြင်ကျေးရွာနဲ့ စိမ်းညှင်းပြားကျေးရွာများမှ ပြည်သူတွေဟာလည်း တောင်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောလုပ်ငန်းတွေကို အဓိက အားထားလုပ်ကိုင်နေကြကြောင်း သိရပါတယ်။
အဆိုပါ ကျေးရွာတွေက ဒေသခံအချို့က ၂၀၂၄ ခုနှစ်ကစပြီး တောင်နဲ့ တောအတွင်း ဝင်ရောက်လုပ်ကိုင်ခွင့်တွေ ကန့်သတ်ခံထားရသဖြင့် ဝင်ငွေလျော့နည်းကာ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ပြောဆိုကြပါတယ်။
ထို့ကြောင့် ရွှေထားကျေးရွာအပါအဝင် ဒေသတွင်းကျေးရွာတွေက ဒေသခံတွေက တောင်နဲ့ တောအတွင်း ဝင်ရောက်လုပ်ကိုင်ခွင့်နဲ့ သွားလာခွင့်တွေကို ပြန်လည်ခွင့်ပြုပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။
CJ 011
