တိုက်ကြီးမြို့တွင် ဆင်နင်း၍ ခြံစောင့်တစ်ဦး သေဆုံး
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာမှာ ဇွန် ၁၃ ရက်နေ့ မနက် ၅ နာရီခန့်က သီးနှံစိုက်ခင်းစောင့်နေတဲ့ ခြံစောင့်တစ်ဦး ဆင်နင်းခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့မနက် ၅ နာရီက အောင်ချမ်းသာကျေးရွာထိပ်ရှိ စိုက်ခင်းအတွင်း ဆင်တစ်ကောင် ဝင်ရောက်လာတာကြောင့် ခြံစောင့်က သီးနှံတွေ ပျက်စီးမှာစိုးရိမ်ပြီး ခြောက်လှန့်မောင်းထုတ်ရာကနေ ဆင်နင်းခံရတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သူကလည်း ခြံစောင့်ဆိုတော့ ဆင်ဝင်ရင် သီးနှံတွေ ပျက်စီးမှာစိုးလို့၊ ပိုင်ရှင်က ပြောမှာစိုးလို့ မောင်းထုတ်တာ။ ဆင်က ပြန်လှည့်လာပြီး သူ့ကို တိုက်ခိုက်တာ။ နောက်ဆုံး အဲဒီစိုက်ခင်းမှာတင် ဆင်နင်းခံရပြီး သေသွားတယ်” လို့ သူက ဆိုပါတယ်။
ဆင်နင်းခံရလို့ သေဆုံးသွားသူမှာ အသက် ၆၃ နှစ်အရွယ် ဦးမြစိန် ဖြစ်ပြီး၊ သူ့ရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတွေက ဥက္ကံမြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ဆင်တွေ ကျေးရွာအတွင်း ဝင်ရောက်လာရခြင်းဟာ စီးပွားရေးသမားတွေ ဝါးအလွန်အကျွံ ခုတ်လှဲတာကြောင့် ဆင်တွေ စားကျက်မြေ ပျောက်ဆုံးပြီး နေရာသစ် ရှာဖွေရာကနေ ရွာထဲအထိ ရောက်ရှိလာတာဖြစ်တယ်လို့ ရပ်မိရပ်ဖတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆင်တွေ ရောက်လာရတဲ့ အကြောင်းအရင်းက စီးပွားရေးသမားတွေ ဝါးအလွန်အကျွံ ခုတ်တဲ့ ပြဿနာကြောင့်ပါပဲ။ ဝါးခုတ်ရုံတင်မကဘူး၊ မျှစ်ပါ ချိုးကြတဲ့အခါကျတော့ ဆင်တွေက စားကျက်နေရာ ရှာဖွေရင်း ရွာထဲတွေအထိ ရောက်လာတာ။ မိုးဦးကျပြီဆိုရင် တိုက်ကြီးနဲ့ ဥက္ကံမှာ နှစ်တိုင်း ဆင်နင်းလို့ သေတဲ့သူတွေ ရှိတယ်” လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်းကလည်း တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဂျီအီးမြရတနာလမ်းမှာ ထမင်းစားနေတဲ့ အမျိုးသားတစ်ဦး ဆင်နင်းခံရလို့ သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။
အလားတူပဲ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီကလည်း တိုက်ကြီးမြို့ ဘန့်ဘွေးကွင်းကျေးရွာ၊ ကွင်းအမှတ် ၇၅၈ C တောကွင်းမှာ မျှစ်ချိုးနေတဲ့ သားအဖနှစ်ဦး ဆင်နင်းခံရပြီး အဖေဖြစ်သူ သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
