ဒေါနလမ်းကျောင်းက လိင်မှုကျူးလွန်မှုတွေ ပေါ်ပေါက်ပြီးနောက် ကျောင်းကို လုံးဝပိတ်သိမ်းကြောင်း ထုတ်ပြန်
လေးကေ့ကော်မြို့နယ်မှာ စစ်ဘေးသင့်ပြည်သူတွေနဲ့ ဒေသခံလူငယ်တွေအတွက် ဘဝအခွင့်အလမ်းနဲ့ ပညာသင်ယူခွင့်တွေ ပေးနိုင်ရေး ရည်ရွယ်ဖွင့်လှစ်ခဲ့တဲ့ ဒေါနလမ်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ကျူးလွန်မှုဖြစ်စဉ်တွေကြောင့် ကျောင်းအုပ်ဖြစ်သူကို တာဝန်ကနေ ရပ်ဆိုင်းကာ ကျောင်းကောင်စီက ထုတ်ပယ်လိုက်ပြီး ရန်ပုံငွေနဲ့ စီမံခန့်ခွဲရေး အခက်အခဲတွေကြောင့် ကျောင်းကိုပါ လုံးဝပိတ်သိမ်းလိုက်ရကြောင်း အဆိုပါကျောင်း အုပ်ချုပ်ရေးကောင်စီရဲ့ တရားဝင်အစီရင်ခံစာအရ သိရပါတယ်။
အဆိုပါကျောင်းဟာ ဖွံ့ဖြိုးတည်ဆောက်ဆဲ အဆင့်မှာသာရှိပြီး ကျောင်းကောင်စီရဲ့ သဘောတူညီချက်မရှိဘဲ ကျောင်းအုပ်ဖြစ်သူက GED သင်တန်းတွေနဲ့ ကျောင်းအိပ်ကျောင်းစားစနစ်တို့ကို မိမိသဘောဆန္ဒအလျောက် ဆောင်ရွက်ခဲ့ရာကနေ ယခုကဲ့သို့ ပြဿနာတွေ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာ ကျောင်းမှာ စာသင်ကြားနေတဲ့ ဆရာမတွေက နစ်နာသူ ကျောင်းသားအချို့ရဲ့ ကိုယ်စား လိင်ပိုင်းဆိုင်ရာ တိုင်ကြားချက်တွေကို ကျောင်းကောင်စီထံ တင်ပြခဲ့တာဖြစ်ပြီး၊ တိုင်ကြားချက်တွေအရ ကျောင်းအုပ်ဖြစ်သူဟာ ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်း ဆရာမ စုစုပေါင်း ၅ ဦးနဲ့အထက်အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ နစ်နာသူတွေထဲက တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ပြုလုပ်ခဲ့တဲ့အပြင် နစ်နာသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကျောင်းသားတစ်ဦး ပါဝင်နေကြောင်း သိရပြီး၊ ကျန်နစ်နာသူတွေဟာ အသက် ၁၈ နှစ်နဲ့အထက် ကျောင်းသားတွေနဲ့ ဆရာမတွေ ဖြစ်ကြတာကြောင့် ကောင်စီအနေနဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတွေအရ ချက်ချင်း အရေးပေါ် ကိုင်တွယ်ခဲ့ရတယ်လို့ ဆိုထားပါတယ်။
ကျောင်းကောင်စီဟာ ဇွန်လ ၅ ရက်နေ့မှာ အရေးပေါ်ဆောင်ရွက်ချက်အဖြစ် တိုင်ကြားခံရသူ ကျောင်းအုပ်ကို လုပ်ငန်းတာဝန်တွေကနေ ချက်ချင်းရပ်ဆိုင်းခဲ့ပြီး၊ ကျောင်းဝင်းအတွင်း ဝင်ရောက်ခွင့်နဲ့ ကျောင်းသားတွေနဲ့ ထိတွေ့ဆက်သွယ်ခြင်း မပြုဖို့ ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အရေးပေါ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ စားရေးသောက်ရေးနဲ့ နေထိုင်မှုတွေကို ကောင်စီက တာဝန်ယူ စီမံပေးထားပြီး၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့သူတွေအတွက် လိုအပ်တဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆက်လက်ပံ့ပိုးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရာမှာလည်း တရားရုံးရုံးချိန်းတွေနဲ့ တရားစွဲဆိုခြင်းတို့အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို ကူညီပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့၊ တရားရုံး လုပ်ငန်းစဉ်တွေနဲ့ ဥပဒေနဲ့အညီ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အစီရင်ခံစာအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ နစ်နာသူမိသားစုတွေရဲ့ တောင်းဆိုချက်အရ တိုင်ကြားခံရသူရဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေဖြစ်တဲ့ အသည်းရောင် အသားဝါဘီ၊ စီ၊ အိတ်ချ်အိုင်ဗီနဲ့ ကာလသားရောဂါ အပါအဝင် လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါရှာဖွေရေး စစ်ဆေးမှု ၆ မျိုးအတွက် ကုန်ကျစရိတ်တွေကို ကျောင်းကောင်စီက တာဝန်ယူ ပံ့ပိုးပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အဆိုပါ ဆေးစစ်ချက်ရလဒ်တွေကိုတော့ ဇွန်လ ၁၁ ရက်နေ့မှာ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းကာ ရဲတပ်ဖွဲ့၊ နစ်နာသူမိသားစုနဲ့ တိုင်ကြားခံရသူတို့ထံ တိုက်ရိုက်အပ်နှံပေးခဲ့ပြီး၊ ဖြစ်စဉ်အတွင်း နစ်နာသူမိသားစု ကြုံတွေ့ရတဲ့ ငွေကြေးအခက်အခဲတွေအတွက် ကောင်စီက ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ကာ သက်ဆိုင်ရာမှတ်တမ်းတွေကို စနစ်တကျ ထိန်းသိမ်းထားကြောင်း သိရပါတယ်။
လက်ရှိမှာတော့ အုပ်ချုပ်ရေးနဲ့ ရန်ပုံငွေ အခက်အခဲတွေကြောင့် ဇွန်လ ၁၂ ရက်နေ့က မိဘ၊ ကျောင်းသားနဲ့ ဆရာမတွေ ပါဝင်တဲ့ အရေးပေါ် အွန်လိုင်းအစည်းအဝေးတစ်ရပ် ကျင်းပကာ ကျောင်းဆက်လက်မလည်ပတ်နိုင်တော့တဲ့ အခြေအနေကို အသိပေးခဲ့ပါတယ်။
ကျောင်းကောင်စီအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးမပြတ်တောက်စေဖို့ အခြားသင့်လျော်တဲ့ ကျောင်းတွေကို ပြောင်းရွှေ့နိုင်ရေး ညှိနှိုင်းပေးခြင်း၊ လက်ပ်တော့ပ်၊ ဆန်နဲ့ အဆောင်ငှားရမ်းခအချို့ကို ကူညီထောက်ပံ့ပေးတာတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ယခုထုတ်ပြန်ချက်ဟာ ဇွန်လcount ၄ ရက်နေ့ကနေ ဇွန်လ ၁၃ ရက်နေ့အထိ ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို ပွင့်လင်းမြင်သာစွာ တင်ပြခြင်းဖြစ်ပြီး၊ ကျောင်းပိတ်သိမ်းပြီးနောက်ပိုင်းမှာလည်း နစ်နာသူတွေ တရားမျှတမှုရရှိရေးအတွက် တာဝန်ဝတ္တရားအတိုင်း အစဉ်တစိုက် တာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
