ခွာဒိုပွဲတော် ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ဆိုင်းဇန်ဘောလုံးကွင်းထဲ ကုန်ကားကြီးတွေ မဝင်ကြဖို့ ဒေသခံတွေ မေတ္တာရပ်ခံ


ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် ကုန်တင်ကားကြီးတွေ လမ်းလွှဲမောင်းနှင်နေရပြီး ဆိုင်းဇန်ကျေးရွာ ဘောလုံးကွင်းထဲမှာ ကုန်စည်တွေ လွှဲပြောင်းတင်ချနေကြတာကြောင့် ကွင်းပျက်စီးသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

 

လက်ရှိ စစ်အုပ်စုက ဆိုင်းဇန်-လိုင်သွီးလမ်းပိုင်းကို ပိတ်ဆို့ထားတာကြောင့် ကုန်ကားတွေဟာ ဆိုင်းဇန်-ကပ်တဲလ်-လင်ထန် လမ်းကြောင်းဘက်ကနေ လွှဲပြီး မောင်းနှင်နေကြရတာပါ။

 

အဲဒီလမ်းကြောင်းပေါ်က ကပ်တဲလ်တံတားဟာ ၆ ဘီးကားတွေလောက်ပဲ ဖြတ်သန်းနိုင်တာကြောင့် ကလေးမြို့ဘက်က တက်လာတဲ့ ၁၀ ဘီး၊ ၁၂ ဘီး ကုန်ကားကြီးတွေနဲ့ အိန္ဒိယဘက်က ဝင်လာတဲ့ ကုန်ကားတွေဟာ ဆိုင်းဇန်ရွာ ဘောလုံးကွင်းထဲမှာ ကုန်ပစ္စည်းတွေ ရွှေ့ပြောင်းတင်ချနေကြတာ ဖြစ်ပါတယ်။

 

ဆိုင်းဇန်ဒေသခံတစ်ဦးကတော့ ဘောလုံးကွင်းဟာ ရွာသူရွာသားတွေရဲ့ လုပ်အားဒါနနဲ့ ပြုပြင်ထိန်းသိမ်းထားတဲ့ ကွင်းဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁၂ ရက်မှာ ကျင်းပမယ့် ရိုးရာ ခွာဒိုပွဲတော် (Khuado Pawi) ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်ထားတာဖြစ်တယ်လို့ ပြောပါတယ်။

 

“ဒီဘောလုံးကွင်းလေးဟာ ကျွန်တော်တို့ ရွာသူရွာသားတွေ လုပ်အားဒါနရင်းပြီး ဖြစ်မြောက်အောင် ပြုပြင်ထားတာပါ။ လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့ဆိုရင် ကျွန်တော်တို့ရဲ့ ရိုးရာ ‘ခွာဒိုပွဲတော်’ ဘောလုံးပြိုင်ပွဲ ကျင်းပဖို့ ကွင်းကို သေချာပြင်ဆင်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ အခုတော့ ကုန်ကားကြီးတွေ တစ်စီးပြီးတစ်စီး ဝင်၊ ကုန်တွေ တင်လိုက်ချလိုက်နဲ့ဆိုတော့ ကွင်းထဲမှာ ကားဘီးရာကြီးတွေ ကျင်းဖြစ်ကုန်ပြီ။ ကြည့်ရတာ အရမ်းရင်နာဖို့ကောင်းပါတယ်” လို့ သူက ပြောပါတယ်။

 

မိုးရာသီကာလဖြစ်တာကြောင့် မြေသားပျော့စိုနေချိန်မှာ ကုန်ကားကြီးတွေ ဆက်လက်ဝင်ထွက်နေရင် ကွင်းတစ်ခုလုံး မြေကျွံပြီး ဗွက်တောဖြစ်ကာ ပျက်စီးသွားနိုင်တယ်လို့လည်း ဒေသခံက ဆိုပါတယ်။

 

“ကုန်ကားသမားတွေရဲ့ အခက်အခဲကို ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရွာ ဘောလုံးကွင်းဟာ ကုန်စည်ဒိုင်လည်း မဟုတ်ဘူး၊ ကုန်ချတဲ့နေရာလည်း မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

 

လာမယ့် ရိုးရာပွဲတော်အတွင်း ဘောလုံးပြိုင်ပွဲ မကျင်းပနိုင်မှာကို စိုးရိမ်တာကြောင့် ကုန်ကားမောင်းနှင်သူတွေအနေနဲ့ ဘောလုံးကွင်းထဲ ကားတွေမဝင်ကြဖို့နဲ့ ကုန်ပစ္စည်းတွေ မချကြဖို့ ဒေသခံတွေက မေတ္တာရပ်ခံထားပါတယ်။

 

“ဒီအတိုင်းသာ ဆက်ဝင်နေရင် မကြာခင် ပွဲတော်ရက်ရောက်ရင် ဘောလုံးပွဲကန်ဖို့ နေနေသာသာ ကွင်းပါ လုံးဝသုံးစားလို့မရတော့ဘဲ ပျက်သွားမှာပါ။ ဒါကြောင့် ကုန်ကားမောင်းတဲ့ ညီအစ်ကိုတွေအနေနဲ့ ကျွန်တော်တို့ရွာ ဘောလုံးကွင်းထဲ ကားတွေမဝင်ကြဖို့၊ ကုန်ပစ္စည်းတွေ မချကြဖို့ စိုးရိမ်စိတ်နဲ့ မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲနဲ့ စိုးရိမ်မှုကိုလည်း စာနာပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ အဆိုပါဒေသခံက ပြောပါတယ်။

 

တီးတိန်မြို့နယ်ဟာ ချင်းပြည်မြောက်ပိုင်းမှာ တည်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက် ကုန်စည်စီးဆင်းမှုများပြားတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

 

လက်ရှိ လမ်းကြောင်းအခက်အခဲတွေကြားမှာ ကုန်စည်စီးဆင်းမှု မပြတ်တောက်ရေးလိုအပ်နေသလို ဒေသခံတွေရဲ့ လူမှုရေးနဲ့ အားကစားဆိုင်ရာ အသုံးပြုနေရာတွေ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေဖို့လည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – CJ

CJ