ပျဉ်းမနားမြို့နယ်တွင် ရေဆင်းကူးသည့် ရဲခြောက်ဦးအနက် တစ်ဦး ပျောက်ဆုံး၊ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့ ရဲအကြီးအကဲတွေ သုံးသပ်နေ

Author CJ Platform
Categories
Published on Jun 12, 2026

နေပြည်တော်၊ ပျဉ်းမနားမြို့ မဲဇလီကုန်းကျေးရွာ ငလိုက်လက်တံရေမြောင်းအတွင်း ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ရေဆင်းကူးရာ ရဲတပ်သားတစ်ဦး ပျောက်ဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့ညနေ ၅ နာရီခွဲခန့်က စစ်အုပ်စုရဲ့တိုင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးဟာ ပျဉ်းမနားမြို့ မဲဇလီကုန်းကျေးရွာ ငလိုက်လက်တံရေမြောင်းမှာ ရေဆင်းကူးကြရင်း ရဲတပ်သားတစ်ယောက် ပျောက်ဆုံးသွားတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရဲတွေက ပျဉ်းမနားကနေ အိုးဝေ (သုံးဘီးကတ်တက်) နဲ့ ရောက်လာပြီး ငလိုက်ရေမြောင်းမှာ ရေလာကူးတာ။ ရေကူးနေတဲ့ ရဲတစ်ယောက်က ပြွန်ပေါက်ထဲကို ဝင်သွားပြီး ပြန်မထွက်လာလို့ ရဲတွေက မီးသတ်ကို အကြောင်းကြားလိုက်တာ။ ရဲတွေလည်း လိုက်ရှာတယ်၊ မတွေ့ဘူး” လို့ သူက ဆိုပါတယ်။

 

ရေလာကူးတဲ့ ရဲတွေဟာ တိုင်းအကူတပ်ခွဲမှ ပျဉ်းမနားမြို့နယ်မှူးရုံးသို့ တာဝန်ချထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး၊ ပျောက်ဆုံးသွားတဲ့ ရဲတပ်သားဟာ ရေနစ်သေဆုံးတာမျိုးမဟုတ်ဘဲ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့ ရဲအကြီးအကဲတွေက ပြောဆိုနေကြောင်း အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

“ရေနစ်သေတာမဟုတ်ဘူး၊ ထွက်ပြေးတာလို့ မြို့နယ်ရဲစခန်းက မှတ်ချက်ပေးထားတယ်။ ဘာလို့လဲဆိုတော့ ရဲထဲမှာ လုံခြုံရေးရဲတပ်ရင်းဆိုတာ အောက်ဆိုဒ် (အပိုဝင်ငွေ) လည်းမရ၊ ပင်ပန်းတဲ့ဌာနဆိုတော့ အယုံသွင်းပြီး ရတဲ့အချိန် ထွက်ပြေးတဲ့ ပုံစံမျိုး” လို့ သူက ရှင်းပြပါတယ်။

 

ပျောက်ဆုံးသွားတဲ့ ရဲတပ်သား ဆက်ပိုင်စိုးဟာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ကနေ ရဲတပ်ဖွဲ့ထဲသို့ ဝင်လာသူတစ်ဦးဖြစ်ပြီး၊ ရေကူး အလွန်ကျွမ်းကျင်သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ပျဉ်းမနားမြို့နယ်ရဲစခန်းနဲ့ တိုင်းအကူတပ်ခွဲက မဲဇလီကုန်းကျေးရွာ ငလိုက်လက်တံရေမြောင်းတစ်လျှောက် ပျောက်ဆုံးသွားတဲ့ ရဲတပ်သားကို လိုက်လံရှာဖွေနေဆဲ ဖြစ်ကြောင်း မြို့ခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – MFSD