ရှီကျင့်ဖျင် ဖိတ်ကြားချက်အရ မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားမယ်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့် ဇွန်လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် (Lin Jian) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ၊ သမ္မတ ရှီကျင့်ဖျင်ရဲ့ တိုက်ရိုက်ဖိတ်ကြားချက်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပေကျင်းမြို့တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေက ဖယ်ကျဉ်ထားတဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားကို တရုတ်က ကမ္ဘာ့ရှေ့မှောက်မှာ တရားဝင် အသိအမှတ်ပြုလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းကတင် မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို သွားရောက်ပြီး ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ တွေ့ဆုံကာ၊ အိန္ဒိယအတွက် အရေးပါတဲ့ မြေရှားဒြပ်စင် ရရှိရေးနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမြောက် အပေးအယူတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ဟာ အိန္ဒိယခရီးစဉ်ကြောင့် နေပြည်တော်အပေါ် သူတို့ရဲ့ ဩဇာလွှမ်းမိုးမှု လျော့နည်းသွားမှာကို စိုးရိမ်နေတဲ့ ပေကျင်းအစိုးရရဲ့ ဗျူဟာမြောက် ခြေလှမ်းတစ်ခုလည်း ဖြစ်လာပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတင် စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ပေကျင်းကို ခေါ်ယူပြီး ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ ၅ နှစ် စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့၊ တရုတ်စီမံကိန်းတွေနဲ့ စီမံကိန်းဝန်ထမ်း တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ကတိကဝတ်ပြုခိုင်းခဲ့ပါတယ်။ အခု ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ဟာ မြန်မာစစ်အုပ်စုအတွက် တရုတ်နိုင်ငံဟာ “အကြီးဆုံးသော အားကိုးရာ” ဖြစ်တယ်ဆိုတာကို ထပ်မံ သက်သေပြလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားဟာလည်း စစ်အုပ်စုရဲ့ တာဝန်ရှိသူတွေ၊ ဝန်ကြီးတွေနဲ့ စဉ်ဆက်မပြတ် တွေ့ဆုံမှုတွေလုပ်နေပြီး ဩဇာလွှမ်းမိုးဖို့ ကြိုးစားလာနေပါတယ်။
နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ရဲ့ ဆန်းစစ်ချက်အရ စစ်အုပ်စုဟာ တရုတ်နဲ့ အိန္ဒိယကြားမှာ အပေးအယူလုပ်ပြီး အသက်ရှူပေါက်ရှာနေတာဖြစ်ပေမယ့်၊ လက်တွေ့မှာတော့ တရုတ်ရဲ့ ပိုမိုတင်းကျပ်တဲ့ ဩဇာလွှမ်းမိုးမှုအောက်ကိုသာ တဖြည်းဖြည်း ကျရောက်သွားနေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – Pro-SAC
