ဆရာတော်တစ်ပါး ကျပျောက်သွားတဲ့ ငွေကျပ်သိန်းလေးဆယ်နဲ့ သိန်းရာချီပါတဲ့ ဘဏ်စာအုပ်ကို ကောက်ရတဲ့ အမျိုးသမီးက ပြန်ပေး
ပဲခူးမြို့၊ စစ်မှုထမ်းဟောင်းအဖွဲ့ရုံး လမ်းဘေးမှာ ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ဆရာတော်တစ်ပါး ကျပျောက်သွားတဲ့ ငွေကျပ်သိန်းလေးဆယ်နဲ့ သိန်းရာချီပါတဲ့ ဘဏ်စာအုပ်ကို ပင်စင်စားအမျိုးသမီးတစ်ဦးက ကောက်ရခဲ့ပြီး ဆရာတော်ဆီ သွားရောက်ပြန်ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်လာထုတ်တဲ့ အမျိုးသမီးတစ်ဦးဟာ ကားလမ်းဘေးမှာ ကျနေတဲ့ အထုပ်တစ်ထုပ်ကို ခလုတ်တိုက်မိရာက အထုပ်ထဲက ပိုက်ဆံတွေ ထွက်လာပြီး ဘဏ်စာအုပ်ပါ တွေ့ရှိခဲ့တာကြောင့် ပျောက်ဆုံးတဲ့ ဆရာတော်ထံ သွားပေးခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အခုချိန်မှာ အကုန်လုံးက အခက်အခဲဖြစ်နေတာဆိုတော့ ပိုက်ဆံတစ်သောင်း၊ နှစ်သောင်း ကောက်ရရင်တောင် ပြန်ပေးချင်ကြတာ မဟုတ်ဘူး။ ဒီအမျိုးသမီးကျတော့ ပိုက်ဆံပျောက်သွားတဲ့ ဆရာတော်ဆီ မရောက်ရောက်အောင် သွားပြီးပြန်ပေးတာ။ ပိုက်ဆံရှိတာ မရှိတာထက် အဲလိုစိတ်ဓာတ်မျိုး ရှိတဲ့သူက တော်တော်ရှားသွားပြီ” လို့ သူက ဆိုပါတယ်။
ပိုက်ဆံထုတ် ကောက်ရသူဟာ ဒေါ်မိုးမိုးစန်းဖြစ်ပြီး ပင်စင်စားတစ်ဦး ဖြစ်ပါတယ်။ သူက ကောက်ရပြီးနောက် စစ်မှုထမ်းဟောင်းအဖွဲ့မှ လူကြီးတွေကို အကူအညီတောင်းကာ ငွေသိန်းလေးဆယ်နဲ့ ဘဏ်စာအုပ်ပိုင်ရှင် ဆရာတော်ဆီ သွားပေးခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ပျောက်သွားတာ မုံလယ်တောရ ဘုန်းတော်ကြီးကျောင်းက ဆရာတော်ပါ။ ဘဏ်မှာ ငွေလာထုတ်ရင်း အထုပ်တွေများလို့ ကျကျန်ခဲ့တာ။ ဆရာတော်က အသက်ကြီးနေပြီဆိုတော့ ပျောက်မှန်း ကျောင်းရောက်မှသိတယ်။ အဲဒီငွေတွေကလည်း ဘုန်းကြီးကျောင်း ပြန်ပြင်ဖို့ ထုတ်လာတာ” လို့ သူက ရှင်းပြပါတယ်။
ကျပျောက်သွားတဲ့ ငွေကျပ်သိန်းလေးဆယ်နဲ့ ဘဏ်စာအုပ်ကို ကျောင်းအထိ လာရောက်ပြန်ပေးခဲ့တဲ့ ဒေါ်မိုးမိုးစန်းကို ဆရာတော်က ငွေကျပ်သုံးသိန်း ဂုဏ်ပြုချီးမြှင့်ပေမယ့် လမ်းစရိတ် ငါးသောင်းသာ လက်ခံခဲ့ပြီး၊ ကျန်တဲ့ နှစ်သိန်းခွဲကိုတော့ ကျောင်းပြုပြင်ဖို့အတွက် ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း တိုက်ကြီးမြို့နယ်မှာ ဘဲကျောင်းရင်း ငွေကျပ်သိန်းတစ်ရာ ကောက်ရခဲ့တဲ့ ဘဲကျောင်းသားလေးဟာ ငွေကျပ်သိန်းတစ်ရာလုံးကို ပိုင်ရှင်ဖြစ်သူထံ ပြန်ပေးခဲ့ပါသေးတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
