ကော့ကရိတ်မြို့တွင် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေလို့ ဒေသခံတွေ စိုးရိမ်
ကရင်ပြည် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာမှာ ဒီနေ့ မနက် ၁၀ နာရီက စစ်ကောင်စီတပ်စခန်း ပစ်ခတ်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ မနက် ၁၀ နာရီခန့်က ကော့ဘိန်းကျေးရွာ ချောင်းဝဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ပစ်ခတ်ခံရတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျောင်းဖွင့်ချိန်မှာ ဖြစ်တာဆိုတော့ ကလေးတွေလည်း အိမ်ပြန်ပြေးကြရတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာ ဆယ်မိနစ်လောက် ကြာတယ်။ စစ်တပ်ဘက်က နှစ်ယောက် သေသွားတယ်လို့ သတင်းရတယ်” လို့ သူက ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က စစ်သားနှစ်ယောက် သေဆုံးတယ်လို့ မြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပေမယ့် CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာမှာကို ရွာခံတွေက စိုးရိမ်နေကြတာဖြစ်ပြီး၊ စစ်ကြောင်းထိုးပါက စစ်တပ်က ရွာသားတွေကို ဖမ်းဆီးတာ၊ ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်လေ့ရှိတာကြောင့် ဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ရွာက စိုးရိမ်တာ စစ်ကြောင်းထိုးမှာပဲ။ စစ်ကြောင်းဝင်တဲ့ ရွာမှန်သမျှ မသင်္ကာတဲ့လူကို ရိုက်နှက်ပြီး မေးတယ်။ တစ်ချို့ရွာသားတွေဆို အဖမ်းခံရတယ်၊ လမ်းပြဆိုပြီး စစ်တပ်က ခေါ်သွားတယ်” လို့ သူက ရှင်းပြပါတယ်။
ကရင်ပြည်နဲ့ မွန်ပြည်နယ်ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်မှာ ရှိပြီး၊ ကရင်ပြည်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တပ်မ ၂၂ နဲ့ တပ်မ ၄၄ တို့က ဦးဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
