မြိုင်မြို့နယ်အတွင် ရိက္ခာပြတ်လပ်နေတဲ့ စစ်အုပ်စုတပ်တွေနဲ့ ပျူရွာတွေကို ရိက္ခာမရောက်ရှိရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ ပကဖ နှိုးဆော်
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စစ်အုပ်စုအထိုင်ရဲစခန်းတွေ၊ ဂိတ်တွေနဲ့ ပျူစောထီးကျေးရွာတွေမှာ စားနပ်ရိက္ခာနဲ့ ခဲယမ်းမီးကျောက်တွေ ပြတ်လပ်နေလို့ ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိထားတာကြောင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကြားဖြတ်တိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားကြရန် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ သတိပေးနှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။
မြိုင်မြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုရဲ့ ရိက္ခာတင် မော်တော်ယာဉ်တန်းတွေနဲ့ စစ်ကြောင်းတွေဟာ သူတို့လက်အောက်ခံ ပျူစောထီးကျေးရွာတွေကို ရောက်ရှိနေပြီး၊ အဲဒီ ရိက္ခာတွေကို လက်အောက်ခံ ဌာနအသီးသီးသို့ ဆက်လက်ဖြန့်ဝေပို့ဆောင်ဖို့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လျက်ရှိကြောင်း မြေပြင်စုံစမ်းချက်တွေအရ ဖော်ပြထားပါတယ်။
ဒါကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မိမိတို့ဒေသ မြေပြင်ပထဝီအနေအထား အသာစီးရမှုကို အသုံးချကာ စစ်အုပ်စုစစ်ကြောင်းနဲ့ ရိက္ခာတင်ယာဉ်တွေ ရှေ့တိုးမလာနိုင်စေဖို့ မိုင်းနဲ့ အခြားတိုက်ခိုက်နိုင်တဲ့ လက်နက်ပစ္စည်းတွေကို အသင့်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း အသိပေးထားပါတယ်။
စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အရပ်မျက်နှာပေါင်းစုံမှ စစ်ကြောင်းထိုး ဝင်ရောက်လာနိုင်တာကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က ဟာကွက်မရှိအောင် ကြိုတင်ပြင်ဆင်ထားမှသာ စစ်အုပ်စုတပ်ကို ထိရောက်စွာ အထိနာစေနိုင်မည်ဖြစ်ပြီး၊ ပို့ဆောင်မယ့် ရိက္ခာနဲ့ ဆေးဝါးတွေကိုလည်း အဟန့်အတားဖြစ်စေကာ နှောင့်နှေးကြန့်ကြာသွားစေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် မြိုင်မြို့နယ်အတွင်းရှိ ဇုန်၊ တိုက်နယ်၊ ကျေးရွာတွေမှ တော်လှန်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ စစ်အုပ်စုစစ်ကြောင်းတွေကို ဖြတ်တောက်နိုင်ရေး အချိန်မီ ကြိုတင်ပြင်ဆင်ဖို့အပြင်၊ သတင်းလက်ဦးမှုရရှိစေရန် အဖွဲ့အစည်းအချင်းချင်း ချိတ်ဆက်ကာ တန်ပြန်တိုက်ခိုက်ကြဖို့ ညွှန်ကြားထားပါတယ်။
အဲဒီ စစ်ရေးသတိပေးချက် မထုတ်ပြန်မီ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်က မြိုင်မြို့နယ် ပကဖနဲ့ ဒေသတွင်း မဟာမိတ်အင်အားစုတွေ ပူးပေါင်းကာ “Operation Su” စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး၊ မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းနဲ့ ကုက္ကိုစု ပျူစောထီးစခန်းတို့ကို တစ်ပြိုင်တည်း စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီ စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က လေကြောင်းပစ်ကူ အကြိမ်ရေ ၈၀ ထက်မနည်း အသုံးပြုပြီး အပြင်းအထန် ခုခံခဲ့ပေမယ့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက ဆက်လက်တိုက်ပွဲဝင်ခဲ့တာကြောင့် ဇွန်လ ၂ ရက် မွန်းလွဲပိုင်းမှာ ရေပြာရဲစခန်းကိုလည်းကောင်း၊ ဇွန်လ ၄ ရက် ညနေပိုင်းမှာ ကုက္ကိုစု ပျူစောထီးစခန်းကိုလည်းကောင်း အသီးသီး အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြိုင်ပကဖ
