မီဇိုရမ် ကျန်ဖိုင်းစစ်ဘေးရှောင်စခန်းက ကလေးငယ်တွေကို စိတ်ခွန်အားပေးခဲ့သူ အဆိုတော် Benjamin Sum 

Author CJ Platform
Categories
Published on Jun 11, 2026

နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ Benjamin Sum ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှာရှိတဲ့ Zion စစ်ဘေးရှောင်စခန်းကို ဇွန်လ ၉ရက်နေ့ ညပိုင်းမှာ ကိုယ်တိုင်လာရောက်ပြီး စစ်ရှောင်ကလေးငယ်တွေအတွက် ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ပေးခဲ့တယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

 

ပွဲအတွင်းမှာ အဆိုတော် Benjamin Sum ဟာ စခန်းတွင်းက ကလေးငယ်တွေနဲ့အတူ တရင်းတနှီး လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး ဘုရားသခင်ချီးမွမ်းခြင်း ဓမ္မသီချင်းတွေကို သီဆိုဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။

 

ဒီဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး Zion စခန်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတစ်ဦးက “ကျွန်မတို့ စခန်းက ကလေးတွေဆိုရင် အမြဲတမ်း စိတ်ညစ်စရာတွေ၊ ရုန်းကန်ရတာတွေနဲ့ပဲ အချိန်ကုန်နေရတာ။ အခုလို Benjamin Sum က စခန်းအထိ ကိုယ်တိုင်လာပြီး ဘုရားသီချင်းတွေနဲ့ အားပေးတယ်၊ ကလေးတွေနဲ့ အတူသီချင်းဆိုတော့ ကလေးတွေရော မိဘတွေပါ တကယ်ကို စိတ်သက်သာရာရပြီး ခွန်အားဖြစ်သွားရပါတယ်” လို့ CJ Platform ကို ပြောပါတယ်။

 

ပွဲအတွင်းမှာ ကလေးငယ်တွေဟာ Benjamin Sum နဲ့အတူ ပျော်ပျော်ရွှင်ရွှင် လိုက်လံသီဆို ကခုန်ခဲ့ကြလို့ စခန်းတစ်ခုလုံး ပျော်ရွှင်စရာ အမှတ်တရလေးတစ်ခု ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

 

ဖျော်ဖြေပွဲအပြီးမှာတော့ အဆိုတော် Benjamin Sum က ကလေးငယ်တွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အိပ်မက်တွေကို လက်မလွှတ်တမ်း ဆုပ်ကိုင်ထားကြဖို့ ခွန်အားပေးစကား ပြောကြားခဲ့သလို၊ စစ်ဘေးရှောင် မိသားစုတွေအတွက်လည်း အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။

 

အခုလို သွားရောက်အားပေးမှုဟာ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြားက စစ်ဘေးရှောင် ကလေးငယ်တွေနဲ့ မိသားစုဝင်တွေအတွက် ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတစ်ခု ဖြစ်ခဲ့ရကြောင်း စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

 

CJ 004

 

 

Related News

Depend on news