စစ်အုပ်စုအမာခံ သရက်ကန် ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

Author CJ Platform
Categories
Published on May 25, 2026

မကွေးတိုင်းအတွင်း ပျူစောထီးအဖွဲ့ကို အစောဆုံးနဲ့ အခိုင်အမာဖွဲ့စည်းခဲ့တဲ့ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးကျေးရွာစခန်းကို ဒေသတွင်းတော်လှန်ရေးမဟာမိတ်အင်အားစုတွေက “တမာမြေစစ်ဆင်ရေး” ဖော်ဆောင်ကာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ မေ ၂၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

ဒေသတွင်းတော်လှန်ရေးမဟာမိတ်တွေနဲ့အတူ ပူးပေါင်းပြီး မေ ၂၂ ရက် မနက် ၅ နာရီခန့်မှာ သရက်ကန်ပျူစောထီးစခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

တိုက်ပွဲပြင်းထန်နေစဉ်အတွင်း စစ်အုပ်စုက ဂျက်တိုက်လေယာဉ်တွေ၊ Y-12 လေယာဉ်တွေနဲ့ အကြိမ်ရေ ၄၀ ထက်မနည်း လေကြောင်းပစ်ကူပေးတာတွေ ရှိခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြင်းအထန် ဆက်လက်ဆင်နွှဲခဲ့တာကြောင့် မေ ၂၃ ရက် မနက် ၅ နာရီ ၄၅ မိနစ်အချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ၄ ဦး သေဆုံးခဲ့ပြီး ကျန်ရှိခဲ့တဲ့ အင်အား ၇၀ ခန့်ဟာ အနီးအနားရှိ တွင်းမ ပျူစောထီးကျေးရွာကို ထွက်ပြေးဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

 

သရက်ကန်ပျူစောထီးကျေးရွာ တိုက်ပွဲအပြီးမှာ စစ်အုပ်စုဆီက လက်နက်ခဲယမ်းအမြောက်အမြား၊ စစ်အသုံးအဆောင်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

တိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ လေကြောင်းကနေ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး “တမာမြေစစ်ဆင်ရေး” အတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေထဲက ရဲဘော် ၂ ဦး ကျဆုံးခဲ့ရသလို ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သရက်ကန်ရွာအတွင်း နေထိုင်ကြတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံ ၄၉ ဦးကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး ဆေးဝါးကုသမှုတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

 

တမာမြေစစ်ဆင်ရေးကို အညာမြေတပ်ပေါင်းစုနဲ့အတူ ပခုက္ကူခရိုင်အမှတ် (၂/၆/၇/၁၄/၁၇) တပ်ရင်းများ၊ မကွေး PDF၊ ABSDF၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း – ၁ (MFUDC-1)၊ KG တပ်ဖွဲ့၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄၊ ပြည်သူ့လုံခြုံရေးအင်အားစု (ကမ္မ)၊ တပ်ရင်းနဲ့ မြို့နယ် ဆေးတပ်ဖွဲ့တွေအပြင် ဒေသခံပြည်သူတွေ ညီညွတ်စွာ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

သရက်ကန်ကျေးရွာဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်း ပျူစောထီးစနစ်ကို အစောဆုံး အခိုင်အမာ အခြေစိုက် တည်ထောင်ခဲ့တဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။ စစ်အုပ်စုတပ်သားနဲ့ ပျူစောထီးတွေဟာ ကျေးရွာပတ်လည်မှာ မိုင်းကွင်းများချကာ အခိုင်အမာစခန်းအဖြစ် အသုံးပြုပြီး အနီးနားရှိ ကျေးရွာတွေကို စစ်ရေးအရ အမြဲ ဒုက္ခပေး ခြိမ်းခြောက်နေတဲ့အပြင် မြိုင်မြို့နယ်အတွင်း လက်ကျန်စစ်ရေးဗျူဟာကို ထိန်းညှိရန်အတွက် စစ်အုပ်စုအတွက် အလွန်အရေးပါတဲ့ အမာခံစခန်းဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု