စစ်အုပ်စုအမာခံ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေး အကောင့် ၁၀၀ ကျော်ကို Facebook ဖယ်ရှား
စစ်အုပ်စုက အွန်လိုင်းပေါ်မှာ ဝါဒဖြန့်ချိရေးနဲ့ တည်ရှိနိုင်ရေး ကြိုးပမ်းနေချိန်မှာ စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေးမှာ အသုံးပြုနေတဲ့ အကောင့်ပေါင်း ၁၀၀ ကျော်ကို Facebook (Meta) က သူ့ရဲ့ ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားရှင်းလင်းလိုက်တယ်လို့ Justice For Myanmar ရဲ့ ဒီကနေ့ မေလ ၂၅ ရက်မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar (JFM) ရဲ့ တိုင်ကြားမှုအပြီးမှာ Facebook ဘက်က အခုလို အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပြီး ဖယ်ရှားခံရတဲ့အထဲမှာ Mytel အရောင်းကိုယ်စားလှယ်တွေ၊ MECtel အရောင်းကိုယ်စားလှယ်တွေ ပိုင်ဆိုင်တဲ့ စာမျက်နှာတွေ၊ ပရိုဖိုင်အကောင့်တွေ၊ Groups တွေအပြင် MRTV နဲ့ MWD တို့ရဲ့ ဝါဒဖြန့်ချိမှုတွေကို ဖြန့်ဖြူးနေတဲ့ အကောင့်တွေအပါအဝင် စုစုပေါင်း ၁၀၉ ခု ပါဝင်တယ်လို့ သိရပါတယ်။
အခု အရေးယူဆောင်ရွက်မှုတွေဟာ Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချမှတ်ခဲ့တဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ မီဒီယာများအပေါ်မှာ ပိတ်ပင်တားဆီးတဲ့ မူဝါဒအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Mytel နဲ့ MECtel တို့ဟာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ အစိတ်အပိုင်း ဆက်သွယ်ရေးကွန်ရက်တွေဖြစ်ပြီး MEC ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ဩစတြေးလျနဲ့ ကနေဒါနိုင်ငံတို့က နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။
အဲဒီ ဆက်သွယ်ရေးကွန်ရက်နှစ်ခုဟာ စစ်အုပ်စုအတွက် အဓိက အခွန်ဝင်ငွေတွေ ရှာဖွေပေးနေတဲ့အပြင် ပြည်သူလူထုအပေါ် ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးမှာ အသုံးပြုလျက်ရှိပြီး စစ်အုပ်စုက ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အဓိက အားပေးကူညီလျက်ရှိတယ်လို့ JFM က ထောက်ပြထားပါတယ်။
Facebook ဟာ Mytel နဲ့ အခြားစစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ အကောင့်တွေကို အရင်ကတည်းက အကြိမ်ကြိမ်ဖယ်ရှားခဲ့ပေမယ့် စစ်အုပ်စုပိုင် လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ကြော်ငြာရောင်းချနိုင်ဖို့ နာမည်အမျိုးမျိုးပြောင်းလဲကာ ခြေရာဖျောက်ပြီး ပြန်လည်ပေါ်ထွက်လာလေ့ရှိတယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမှာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး ချန်နယ်တွေကို အခြားသော လူမှုမီဒီယာပလက်ဖောင်းတွေကလည်း ဖယ်ရှားထားတာကြောင့် သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နိုင်စွမ်းနဲ့ အမုန်းစကားတွေ၊ သတင်းအမှားတွေ ဖြန့်ဝေနိုင်စွမ်းကို ကန့်သတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်မီ MRTV ကို ဗီဒီယိုထုတ်လွှင့်တဲ့ ပလက်ဖောင်းတွေဖြစ်တဲ့ Twitch နဲ့ Kick တို့မှ ဖယ်ရှားခဲ့ပြီး MWD ကိုတော့ TikTok မှ ဖယ်ရှားခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ အွန်လိုင်းတည်ရှိမှုကို လုံးဝဥဿုံ ပိတ်ပင်ဖို့အတွက် ယခုထက် ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ လိုအပ်နေဆဲဖြစ်ပြီး Alphabet (Google/YouTube)၊ Apple၊ TikTok နဲ့ Telegram တို့အနေနဲ့လည်း မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြတ်ပြတ်သားသား ပိတ်ပင်တားဆီးဖို့ JFM က တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – JFM
