ကိုရီးယားတွင် မီးအကြီးအကျယ်လောင်ခဲ့တဲ့ ကားစက်ရုံက မြန်မာလုပ်သားတွေ ဘေးကင်း
တောင်ကိုရီးယားနိုင်ငံမှာ မေလ ၂၄ ရက်က မြန်မာလုပ်သား ရာနဲ့ချီ လုပ်ကိုင်နေတဲ့ ကားစက်ရုံအတွင်း မီးလောင်မှု အကြီးအကျယ်ဖြစ်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ အဲဒီစက်ရုံမှ အလုပ်သမားတွေက ပြောပါတယ်။
ချွန်ချောင်းပြည်နယ်တောင်ပိုင်း၊ ဆောဆန်မြို့မှာ ဖွင့်လှစ်ထားတဲ့ CREA ကားစက်ရုံမှာ မနက်ပိုင်းကတည်းက မီးလောင်ခဲ့တာဖြစ်ပြီး သိသိချင်း ဘေးလွတ်ရာ ရှောင်နိုင်ခဲ့တဲ့အတွက် မြန်မာလုပ်သားတွေ ထိခိုက်မှုမဖြစ်ရတာလို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်တဲ့ စက်ရုံမှ မြန်မာလုပ်သားတစ်ယောက်က “မြန်မာတွေ အကုန်လုံး ရာနှုန်းပြည့် ဘေးကင်းပါတယ်။ စက်ရုံက မီးလောင်ပျက်စီးတာများလို့ အလုပ်ဘယ်လောက်ကြာကြာ နားရမလဲတော့ မပြောတတ်သေးဘူး” လို့ ပြောပါတယ်။
အဲဒီကားစက်ရုံမှာ မြန်မာနိုင်ငံသား ၁၅၀ နီးပါး ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပြီး မီးလောင်မှုဖြစ်သွားတဲ့နောက် စက်ရုံက ပေးထားတဲ့အဆောင်မှာပဲ နေရင်း လုပ်ငန်းခွင်ပြန်ဝင်ရမယ့်အချိန်ကို စောင့်ဆိုင်းရဖို့ ရှိတယ်လို့ ဆိုပါတယ်။
နောက်ထပ် မြန်မာလုပ်သားတစ်ယောက်က “တခြားစက်ရုံတွေက မြန်မာမိတ်ဆွေတွေက အားပေးစကား လှမ်းပြောတာရှိတယ်။ လိုအပ်တာ ကူညီပေးမယ်ဆိုပြီးလည်း ပြောကြပါတယ်” လို့ ပြောပါတယ်။
စက်ရုံမီးလောင်မှု အားပြင်းတာကြောင့် ရဟတ်ယာဉ်နဲ့ပါ မီးငြှိမ်းသတ်ခဲ့ရပြီး ညပိုင်းအထိ ဆက်လောင်နေခဲ့ကာ မီးလောင်ချိန် ၁၂ နာရီအထိ ကြာမြင့်ခဲ့တယ်လို့ တောင်ကိုရီးယားသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မီးသတ်ဌာနက အရေးပေါ်အဆင့် မီးသတ်အင်အား ၄၀၀ ကျော်၊ မီးသတ်ကားအစီးရေ ၈၀ နီးပါး အသုံးပြုကာ ၁၂ နာရီကြာ ငြှိမ်းသတ်ခဲ့ကာ မီးလောင်မှုကြောင့် စက်ရုံဝင်းထဲက အဆောက်အအုံတစ်ခုလုံး ပျက်စီးသွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဓာတ်ပုံ – Korea News
