KTV သွားရင်း အသက်ခံလိုက်ရတဲ့ ရဲတွေအတွက် ပင်စင်နဲ့ခံစားခွင့်မရတာကြောင့် စစ်ကိုင်းရဲတပ်ဖွဲ့အတွင်း ဝေဖန်မှုတွေရှိနေ
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ စစ်အုပ်စုရဲ့ ရဲအရာရှိ ၁ ဦးနဲ့ အခြားအဆင့် ၁ ဦး အတွက် မည်သည့်အကျိုးခံစားခွင့်နဲ့ ပင်စင်လစာမှ ပေးအပ်ခြင်းမရှိတာကြောင့် စစ်ကိုင်းမြို့က ရဲတပ်ဖွဲ့အတွင်း ဝေဖန်မှုတွေ ရှိနေတယ်လို့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
အဲဒီ ရဲအရာရှိသေဆုံးမှုဟာ ပြီးခဲ့တဲ့ မေ ၂၀ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကိုင်းအခြေစိုက် အမှတ် (၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲအုပ်အဆင့်ရှိသူနဲ့ အခြားရဲဝန်ထမ်း ၁ ဦးတို့ဟာ စစ်ကိုင်းမြို့နယ်အတွင်းက တစ်နေရာမှာ အိမ်စီးကား ၁ စီးနဲ့ လာနေစဉ် တော်လှန်ရေးတပ်ဖွဲ့တွေက အချိန်ကိုက် ကြားဖြတ်တိုက်ခိုက်နိုင်မှုကြောင့် သေဆုံးသွားခဲ့တာလို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။
သေဆုံးသွားခဲ့တဲ့ ရဲအုပ်ရဲ့ ဇနီးဖြစ်သူက “ကျွန်မတို့ ဝန်ထမ်းတွေ လမ်းသွားရင်း သေရင်တောင် ဝန်ထမ်းတိုင်း ပင်စင်ရတာ။ အခုက ဘာလို့မရရမှာလဲ။ ပင်စင်က ကားနဲ့အပြင်သွားလို့ အပစ်ခံရတာ စခန်းနေရာမဟုတ်လို့ မရဘူးဆို ကျွန်မ ရဲချုပ်ရုံးအထိ သွားမေးရပါလိမ့်မယ်။ ဒီပိုက်ဆံမရလည်း ကျွန်မ ရှာစားနိုင်တယ်နော်။ မဟုတ်တာလုပ်ရင်တော့ လုံးဝမခံနိုင်ဘူး” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
နီးစပ်သူတွေရဲ့ အဆိုအရ အဆိုပါ အိမ်စီးကားပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၄ ဦး လိုက်ပါလာတာဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ရဲအုပ်နဲ့ တပ်ကြပ်အဆင့်ရှိသူ ၁ ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ကာ ကျန်ရစ်တဲ့ ရဲတပ်သား ၂ ဦးကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
“ဒီရဲအုပ်က KTV တအားကြိုက်တာ။ KTV က ကောင်မလေးက ချိန်းလို့ သွားရင်းနဲ့ကို လမ်းမှာ ဖြတ်တိုက်ခံလိုက်ရတာ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
မေ ၂၀ ရက်က တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ စိတ်ချရတဲ့ ရဲသတင်းအရင်းအမြစ်တွေဆီက သတင်းကြိုတင်ရရှိခဲ့တာကြောင့် လမ်းခုလတ်တစ်နေရာမှာ စောင့်ကြိုကာ ဖြတ်တိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကိုတော့ စစ်ကိုင်းမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုက လာရောက်ကောက်ယူသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး CJ Platform က မြေပြင်အခြေအနေတွေကို စုံစမ်းရာမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးမှုနဲ့ ကားပေါ်ပါ အင်အားစာရင်းကို အတည်ပြုနိုင်ခဲ့ပြီး ဖမ်းဆီးခံရတဲ့ ရဲတပ်သား ၂ ဦးရဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
