စစ်အုပ်စုက ဉာဏ်ရည်မမီသူတွေနဲ့ ဆေးကြောင်သူတွေကိုပါ ဖမ်းဆီးပြီး စစ်သင်တန်းကျောင်းတွေမှာ ရိုက်နှက်နေ

Author CJ Platform
Categories
Published on Jun 12, 2026

စစ်အုပ်စုဟာ သူတို့အာဏာတည်မြဲရေးအတွက် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး တိုင်းပြည်အနှံ့က လူငယ်တွေကို မတရားပေါ်တာဆွဲ အင်အားဖြည့်တင်းရာမှာ ဉာဏ်ရည်မမီသူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေကိုပါမချန် ဖမ်းဆီးကာ စစ်သင်တန်းကျောင်းတွေမှာ ရိုက်နှက်ခိုင်းစေနေကြောင်း ပေါ်တာဆွဲရောင်းစားခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံ အလင်းဝင်ရောက်ခဲ့သူရဲ့ အင်တာဗျူးဖိုင်တစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၁၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 

အဆိုပါအလင်းဝင်သူရဲ့ ဗီဒီယိုအင်တာဗျူးမှာ စစ်မှုထမ်းအပတ်စဉ် ၅ (ပစ ၅) အတွက် လယ်လုပ်ပြီးအပြန်မှာ ပေါ်တာဆွဲရောင်းစားခံခဲ့ရသူ ကိုချစ်ကိုဦးက စစ်အုပ်စုဟာ စစ်သင်တန်းကျောင်းတွင်း ရိုက်နှက်ခိုင်းစေတာတွေ ပြုလုပ်ခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

“သင်တန်းကျောင်းမှာတော့ ကလေးတွေရော သက်ကြီးရွယ်အိုတွေရော အကုန်ပါပါတယ်။ ဉာဏ်ရည်မမီတဲ့သူတွေ၊ အရက်ကြောင်တာ၊ ဆေးသုံးစွဲပြီးကြောင်တာတွေကျတော့ သူတို့သင်တာကို နားမလည်ကြတော့ ရိုက်ပါတယ်” လို့ ကိုချစ်ကိုဦးက ပြောထားပါတယ်။

 

စစ်အုပ်စုဟာ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခဲ့တာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပြီး အဆိုပါ ကာလအတွင်း တိုင်းပြည်အနှံ့က အပြစ်မဲ့လူငယ်လူရွယ်တွေရဲ့ ဘဝတွေကို ထိခိုက်ပျက်စီးခဲ့ရကာ “၁၀၂၇ စစ်ဆင်ရေး” အပါအဝင် တော်လှန်ရေးကာလ ငါးနှစ်အတွင်း အဆမတန် အင်အားပြုန်းတီးခဲ့တာကြောင့် ပြန်လည်ဖြည့်ဆည်းဖို့အတွက် လူဦးရေ အရေအတွက်ကိုသာ အဓိကဦးစားပေးပြီး ရသမျှ လူကုန်ကူး ပေါ်တာဆွဲနေခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

မြေပြင်မှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုပါ ဖမ်းဆီးမိပါကလည်း မှတ်ပုံတင်တွင် အသက်ပြည့်စေရန် အတင်းအဓမ္မ ပြောင်းလဲရိုက်နှိပ်ကာ စစ်သင်တန်းပေးတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက သက်သေပြလျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။

 

လက်ရှိမှာ အဆိုပါ အဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းအင်အားစုတွေကို ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ အလုံးအရင်းနဲ့ အသေခံခိုင်းပြီး စစ်ရေးအောင်ပွဲတွေအဖြစ် ဟန်ပြကြွားဝါနေသော်လည်း မြေပြင်တွင်မူ စစ်မှုထမ်းရဲဘော်တွေ နေ့စဉ်နဲ့အမျှ စွန့်ခွာကာ တော်လှန်ရေးအဖွဲ့တွေထံ နေ့စဉ်အလင်းဝင်ရောက်လျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

 

NUG အစိုးရအနေနဲ့ စစ်ကောင်စီတပ်အတွင်း ရောက်ရှိနေပြီး ရှေ့တန်းမှာ ဖြစ်သလို အလောင်းစွန့်ပစ်ခြင်း ခံနေရတဲ့ စစ်မှုထမ်းရဲဘော်တွေအနေနဲ့ အသက်ရှင်သန်နိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေထံ အချိန်မီ အလင်းဝင်ရောက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။