စစ်ကိုင်းမှာ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် လမ်းဘေးဈေးသည်တွေနဲ့ လက်လုပ်လက်စားတွေ စားဝတ်နေရေး ကျပ်တည်းလာ

Author CJ Platform
Categories
Published on Jun 10, 2026

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်အုပ်စုက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေထဲအထိပါ ဝင်ရောက်ကာ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် မြို့ခံလူထုအနေနဲ့ အပြင်မထွက်ရဲကြတော့ဘဲ မြို့ပေါ်စီးပွားရေးနဲ့ အရောင်းအဝယ်တွေ အဆင်မပြေဖြစ်နေပြီး၊ လမ်းဘေးဈေးသည်တွေနဲ့ လက်လုပ်လက်စား အလုပ်သမားတွေရဲ့ စားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  မြို့ခံတွေနဲ့ လမ်းဘေးဈေးသည်တွေဆီက သိရပါတယ်။

 

မနေ့ ဇွန်လ ၉ ရက်နေ့က စစ်ကိုင်းမြို့ပေါ်ရှိ ဇေယျာကွက်သစ်နဲ့ ဇေယျာတိုးချဲ့ရပ်ကွက်တွေအပါအဝင် တစ်မြို့လုံးရှိ လမ်းဆုံလမ်းခွတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ ဆိုင်ခန်းတွေအတွင်း စစ်အုပ်စုလက်အောက်ခံတပ်သားတွေနဲ့ ပျူစောထီးတွေက ဝင်ရောက်ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

 

“ဈေးသည်တွေလည်း အဲဒီအကြောင်းကြောင့် အရောင်းအဝယ်မကောင်း၊ အရောင်းပါးပြီး စိတ်ညစ်ရတယ်။ ဆိုင်တွေထဲအထိ ဝင်ဆွဲနေတာကတော့ သူများထမင်းအိုး ရိုက်ခွဲနေသလိုပဲ။ လက်လုပ်လက်စား အလုပ်သမားတွေရောပဲ ပါတာပေါ့။ ပန်းရံအလုပ်သမားတွေ၊ လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်တွေ အကုန်ဝင်ဆွဲတာ” ဟု စစ်ကိုင်းမြို့ခံ လူငယ်တစ်ဦးက သူတို့တွေ့ကြုံနေရတဲ့ လူမှုစီးပွား ထိခိုက်မှုအခြေအနေကို CJ Platform ကို ပြောပါတယ်။

 

အဲဒီလို လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေမှုတွေကြောင့် မြို့ပေါ်က လမ်းမတွေမှာ သွားလာသူ နည်းပါးသွားပြီး၊ အခြေခံလူတန်းစား ဈေးသည်တွေနဲ့ ဆိုင်ရှင်တွေ နေ့စဉ်အရောင်းအဝယ်မဖြစ်တော့ဘဲ စားဝတ်နေရေးအပြင် ဆိုင်ခန်းလခတွေအတွက်ပါ စိတ်ညစ်ဆင်းရဲမှုတွေ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

 

အလားတူ အခြားမြို့ခံတစ်ဦးကလည်း “မနေ့က အကုန်ရပ်ကွက်တွေ တစ်မြို့လုံးပတ်တာ။ ပြီးရင် အလုပ်တွေ၊ တိုက်ဆောက် ပန်းရံလုပ်၊ သူ့အလုပ်သူလုပ်နေတဲ့ အလုပ်သမားတွေပါ ဆွဲတာ။ အိမ်တံခါးပိတ်ပြီး အခန်းထဲပဲ နေရတယ်” လို့ CJ Platform ကို ပြောပါတယ်။

 

အဲဒီလို မြေပြင်မှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် ပြည်သူတွေရဲ့ အကျိုးစီးပွား ထိခိုက်မှုတွေ ရှိနေပေမယ့် စစ်အုပ်စုလက်အောက်ခံ တာဝန်ရှိသူတွေအနေနဲ့ နှုတ်ဆိတ်နေကြသလို၊ စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း စစ်ကိုင်းမြို့မှာ ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်းနဲ့ မြို့ရွာတည်ငြိမ်ရေးအတွက် စစ်ဆေးမှုတွေ ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း မဟုတ်မမှန် ငြင်းဆိုဝါဒဖြန့်ထားပါတယ်။

 

စစ်ကိုင်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း ရွှေမင်းဝံရပ်ကွက်အတွင်းရှိ လုပ်ငန်းခွင်တစ်ခုမှ ပန်းရံလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦးကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ လက်ရှိ မြို့ပေါ်ရပ်ကွက်တွေမှာ စစ်အုပ်စုတပ်ရဲ့ အပြင်းအထန် စစ်ဆေးနေမှုနဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေမှုတွေကြောင့် အရောင်းအဝယ်များ ပျက်စီးနှောင့်နှေးနေကာ စိုးရိမ်စိတ်ကြီးစွာဖြင့် နေထိုင်နေကြရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်