မြစ်ခြေရဲစခန်းကို နာရီပိုင်နဲ့ PDF တိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၄ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

Author CJ Platform
Categories
Published on Jun 10, 2026

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

 

ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ အဲဒီရဲစခန်းကို မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာနရဲ့ ဦးဆောင်မှုနဲ့ ဒီနေ့မနက် ၄ နာရီမှာ ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ နံနက် ၅ နာရီမှာ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က တပ်သား ၂ ဦး သေဆုံးခဲ့ပြီး၊ ၁၄ ဦးမှာ လက်နက်ချ အညံ့ခံခဲ့တာကြောင့် စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားကြောင်း သိရပါတယ်။ အဆိုပါ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားရှိပြီး၊ စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေ ရှိပါက စစ်ဘက်ဆိုင်ရာ ဥပဒေများအတိုင်း စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် စစ်ဆေးအရေးယူသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

 

ဒါ့အပြင် မြစ်ခြေရဲစခန်းအတွင်းမှ စစ်အုပ်စုတပ်ရဲ့ G-3 သေနတ် ၁၈ လက်၊ M-79 တစ်လက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း တစ်လက်၊ လက်လုပ်လေသေနတ် တစ်လက် အပါအဝင် ကျည်ဘောက် ၂၇ ဘောက်၊ ကျည်ကာဦးထုပ် ၇ လုံးနဲ့ G-3 ကျည်တောင့် ၁,၉၀၀ ကျော်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုတပ်ဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အအုံ ၁,၀၀0 ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင်၊ ဒေသခံပြည်သူ ၂၄ ဦးကို မီးရှို့သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တာကြောင့် အခုလို လက်တုံ့ပြန်ချေမှုန်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်အနေနဲ့ ပြပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန် သမိုင်းပေးတာဝန်ရှိသည်နှင့်အညီ စစ်အုပ်စုတပ်ကို အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် စစ်မျက်နှာအသီးသီးတွင် ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – NUG