အောင်ပန်းမှာ ထရန်စဖော်မာ မိုးကြိုးလွှဲ ကြေးကြိုးဖြတ်တောက် ခိုးယူသူတစ်ဦး ဓာတ်လိုက်သေဆုံး

Author CJ Platform
Categories
Published on Jun 10, 2026

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ဇွန် ၉ ရက်နေ့ ညနေ ၅ နာရီက ထရန်စဖော်မာပေါ်ရှိ မိုးကြိုးလွှဲ ကြေးကြိုးကို ဖြတ်တောက်ခိုးယူနေသူတစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့ညနေ ၅ နာရီက အမျိုးသားတစ်ဦးဟာ ရွာသစ်ရပ်ကွက်၊ ပစ္စုပ္ပန်ဘုန်းကြီးကျောင်းဝင်းအတွင်း မီတာပုံးများ ထားရှိရာ ထရန်စဖော်မာပေါ်ရှိ မိုးကြိုးလွှဲ ကြေးကြိုးကို ပလာယာနဲ့ ဖြတ်တောက်ခိုးယူချိန် ဓာတ်လိုက်သေဆုံးသွားတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ပစ္စုပ္ပန်ဘုန်းကြီးကျောင်းထဲက ထရန်စဖော်မာ ကြေးကြိုးတွေကို ပလာယာနဲ့ဖြတ်ပြီး ခိုးနေတဲ့အချိန် ဓာတ်လိုက်တာ။ ဓာတ်လိုက်တာပြင်းတော့ ခန္ဓာကိုယ်ပါ မီးလောင်ပြီး ဒဏ်ရာတွေနဲ့ သေသွားတယ်။ ရပ်ကွက်ထဲကလူတွေပဲ လူနာတင်ယာဉ်ကို ဖုန်းဆက်ပြီး ဆေးရုံပို့ပေးလိုက်တယ်” လို့ သူက ဆိုပါတယ်။

 

သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ၊ ရုပ်အလောင်းကို အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

အောင်ပန်းမြို့မှာ ပြီးခဲ့တဲ့ မေ ၁၃ ရက် နေ့လယ် ၁ နာရီခန့်ကလည်း ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာအောက်ဈေးတွင် အလုပ်သမားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ပါတယ်။

 

အလားတူပင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ကလည်း အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ နယ်မြေ (၁) မှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဝါးခုတ်ရင်း လျှပ်စစ်ကြိုးပေါ်သို့ ဝါးပင်လဲကျရာမှတစ်ဆင့် ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – Pro/SAC