ကန်ပက်လက်က တောင်သူတွေ လုပ်ငန်းခွင်ကို မဝင်နိုင်လို့ ဒေသတွင်း စားနပ်ရိက္ခာရှားပါးနိုင်

Author CJ Platform
Categories
Published on Jun 10, 2026

ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်းက တောင်သူတွေမှာ စိုက်ပျိုးရာသီကို ရောက်ရှိလာပေမယ့် ဆက်သွယ်ရေးဖြတ်တောက်ခံရမှု ဓာတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေး သွင်းအားစုတွေ စျေးနှုန်းမြင့်တက်မှုကြောင့် သီးနှံတွေ စတင်စိုက်ပျိုးနိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

 

ကန်ပလက်မြို့နယ်ဟာ  တောင်ယာစိုက်ပျိုးရေးနဲ့ စီးပွားဖြစ် ဝဥ၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုကို အဓိကမှီခိုနေရတဲ့ ဒေသဖြစ်ပြီး  လတ်တလောမှာ မြေပြန့်ဒေသ (ဂန့်ဂေါ၊ ကလေး၊ မန္တလေး) ဘက်ကနေ လာမည့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံထားရတာကြောင့်  စိုက်ပျိုးရေးသုံးပစ္စည်းတွေ  ဒေသတွင်းကို သယ်ယူဖို့ ခက်ခဲနေတယ်လို့ ​ဒေသခံတောင်သူတွေက ပြောပါတယ်။

 

ကန်ပလက်မြို့နယ်မှ ဝဥစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ ယခင်က မြေပြန့်မှာ  အလွယ်တကူ ဝယ်ယူ၍ရသော ဓာတ်မြေဩဇာတစ်အိတ်ဟာ အခုအခါ လမ်းခရီးသယ်ယူစရိတ် အဆမတန်ကြီးမြင့်မှုကြောင့် ကျပ် ၃ သိန်းကျော်မှ ၄ သိန်းအထိ ပေးဝယ်နေရသဖြင့် တောင်သူအများစုမှာဟာ မဝယ်ယူနိုင်တော့ဘူးလို့ သိရပါတယ်။

 

“အရင်နှစ်က ထွက်တဲ့ ဝဥခြောက်တွေကိုလည်း လမ်းပိတ်လို့ မြေပြန့်ဈေးကွက်ကို မပို့နိုင်ဘဲ ဒီအတိုင်း လှောင်ထားရတာတွေ ရှိတယ်။ အဝယ်ဒိုင်တွေလည်း မလာရဲကြဘူး။ အရင်းအနှီးက ပြန်မရ၊ အခုနှစ် စိုက်မယ့် မြေဩဇာနဲ့ ဆေးဝါးတွေကလည်း ဈေးက ၄ ဆလောက် တက်သွားတော့ တောင်သူတွေမှာ အရင်းအနှီးမရှိဘဲ စိုက်ခင်းအတော်များများကို ဒီအတိုင်း ပစ်ထားရမယ့်အခြေအနေ ဖြစ်နေတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် လက်ရှိ မိုးရာသီကာလမှာ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်ရာမှာလည်း  ဒေသတွင်း စစ်ရေးပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့်  မိမိတို့ရဲ့ ဓားခုတ်တောင်ယာတွေနဲ့ ဝဥစိုက်ခင်းတွေဆီ သွားရောက်လုပ်ကိုင်ရာမှာ တိုက်ပွဲတွေနဲ့ လက်နက်ကြီး အန္တရာယ်ကြောင့် သွားရောက်နိုင်ခြင်း မရှိဘဲ ဒေသခံအများစုဟာ စစ်ဘေးရှောင်စခန်းတွေမှာပဲ ခိုလှုံနေရတယ်လို့ သိရပါတယ်။

 

အခက်အခဲများကြားက တောင်ယာလုပ်ကိုင်ရာမှာလည်း စက်သုံးဆီပြတ်လပ်မှုကြောင့် တောင်ယာခုတ် မြေယာပြုပြင်တာတွေကို စက်ကရိယာတွေနဲ့ မလုပ်ဆောင်နိုင်တော့ဘဲ လူနဲ့သာ ရုန်းကန်နေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

 

“တောင်ပေါ်မှာက ဒီစိုက်ပျိုးရေးလုပ်ငန်းကရတဲ့ ဝင်ငွေနဲ့ပဲ တစ်နှစ်ပတ်လုံး မိသားစုစားဝတ်နေရေးကို ဖြေရှင်းရတာ။ အခုက စိုက်ဖို့လည်း မလွယ်၊ စိုက်ပြီးရင်လည်း ရောင်းရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ရုန်းကန်နေရတယ်။ ဒီအတိုင်းသာ ရေရှည်သွားရင်တော့ နောက်နှစ်တွေမှာ ကန်ပလက်ဒေသခံတွေ စားဝတ်နေရေးတင်မကဘဲ ငတ်မွတ်ခေါင်းပါးတဲ့အထိ ဖြစ်လာနိုင်တယ်” ဟု ဒေသခံ ကန်ပလက်လူငယ်တစ်ဦးက ဆိုပါတယ်။

 

လူသားချင်းစာနာမှု အဖွဲ့အစည်းတွေရဲ့  သုံးသပ်ချက်များအရ ချင်းပြည်အတွင်း ဒေသခံတွေရဲ့ ရေရှည်ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် ပျက်စီးနေမှုဟာ  ပြည်သူတွေကို ကယ်ဆယ်ရေးရိက္ခာအပေါ်၌သာ ရာသက်ပန်မှီခိုသွားရစေမည့် အန္တရာယ်ရှိနေကြောင်း ထောက်ပြထားပါတယ်။

 

CJ 014