မင်းတပ်မြို့နယ်အရှေ့ခြမ်းကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲ ၊ နေ့စဉ် ဗုံးကြဲနေလို့ ပြည်သူတွေ ညမအိပ်ရဲဘဲ စိုးရိမ်နေ 

Author CJ Platform
Categories
Published on Jun 09, 2026

ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နယ် အရှေ့ဘက်ခြမ်း နေရာတစ်ခုကို စစ်အုပ်စုက ဒီကနေ့ ဇွန် ၉ရက် မနက်ပိုင်းမှာ ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ ပြုလုပ်ခဲ့တဲ့အပြင်၊ ယခုရက်ပိုင်းအတွင်း မင်းတပ်နဲ့ ကန်ပလက်မြို့နယ်တို့မှာ လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေအကြား ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လာနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

ဒီကနေ့ မနက်ပိုင်းမှာ တံတားဦးလေတပ်စခန်းမှ တက်လာတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စင်းဟာ မင်းတပ်မြို့နယ် အရှေ့ဘက်ခြမ်းသို့ ရောက်ရှိလာပြီး၊ နံနက် ၉ နာရီ ၁၄ မိနစ်မှာ တစ်ကြိမ် ၉ နာရီ မိနစ် ၂၀ နဲ့ ၉ နာရီ ၃၆ မိနစ်အချိန်တို့မှာ တစ်ကြိမ်စီ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်ဖိုက်တာတွေဟာ တစ်ကြိမ်လျှင် ဗုံး ၂ လုံးစီဖြင့် စုစုပေါင်း ၄ ကြိမ်တိုင်တိုင် ပျံသန်းတိုက်ခိုက်ခဲ့ပြီး၊ အနည်းဆုံး ဗုံး ၈ လုံးထက်မနည်း ကြဲချခဲ့ကြောင်း မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

 လေကြောင်းဗုံးကြဲမှုကြောင့် လတ်တလော မြေပြင်ရှိ နေအိမ်၊ အဆောက်အအုံ ပျက်စီးမှုနဲ့ အရပ်သား ထိခိုက်သေဆုံးမှု အသေးစိတ် အခြေအနေကိုမူ ဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

မင်းတပ်ဒေသခံ ပြည်သူတစ်ဦးက လတ်တလောရက်ပိုင်းအတွင်း ကန်ပလက်နဲ့ မင်းတပ်နယ်နိမိတ်တစ်လျှောက် တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိဘဲ၊ စစ်အုပ်စုက လေကြောင်းနဲ့ အရပ်သားကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေရှိရာဘက်ကို ပစ်မှတ်ထား ဗုံးကြဲနေသဖြင့် အိပ်ရေးပျက်ကာ စိုးရိမ်နေရတယ်လို့ ရင်ဖွင့်လာပါတယ်။

 

“အခုရက်ပိုင်း မင်းတပ်ရော ကန်ပလက်ဘက်မှာပါ လေယာဉ်သံတွေ ခဏခဏ ကြားနေရပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်။ ကလေးတွေရော၊ လူကြီးတွေရော လေယာဉ်သံကြားတာနဲ့ ဘာမှမလုပ်နိုင်တော့ဘဲ ဗုံးခိုကျင်းထဲ ပြေးပုန်းနေရတယ်။ ဘယ်အချိန် ကိုယ့်ခေါင်းပေါ် ဗုံးကျလာမလဲဆိုပြီး တစ်ရက်မှ စိတ်အေးအေးမနေရဘူး။ အထူးသဖြင့် ကြားကာလကျောင်းလေးတွေ ဖွင့်ဖို့ ပြင်နေတဲ့အချိန်မို့ ကလေးတွေအတွက် ပိုစိုးရိမ်ရတယ်” ဟု သူက ပြောပါတယ်။

 

လက်ရှိမှာ ကန်ပလက်နဲ့ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ လေကြောင်းရန် ကာကွယ်ရေးအတွက် ရပ်ရွာလူကြီးတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းကာ အရေးပေါ် သတိပေးစနစ်တွေ ပြုလုပ်ထားရပြီး၊ နေအိမ်တိုင်းနဲ့ ယာယီစာသင်ကျောင်းတွေအနီးမှာ ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးထားကြဖို့ နှိုးဆော်ထားရတဲ့ အခြေအနေ ဖြစ်ပါတယ်။

 

CJ 014