ခိုးယူလာတဲ့ iPhone နှစ်လုံးကို ကြွားမိလို့ ဖောက်ထွင်းမှုပေါ်ပေါက်ပြီး အဖမ်းခံရ
ခိုးယူလာတဲ့ iPhone နှစ်လုံးကို ကိုင်ဆောင်အသုံးပြုရာကနေ တောင်ဥက္ကလာပမြို့နယ်၊ ABC ဖုန်းဆိုင်က iPhone ၂၁ လုံး ဖောက်ထွင်းခိုးယူခံရသည့်အမှုမှ ဖောက်ထွင်းသူတစ်ဦး ဇွန်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကင်းမြို့နယ်မှာ နေထိုင်တဲ့ ကိုကျော်ဇင်ကိုဟာ အလုပ်အကိုင် မယ်မယ်ရရမရှိဘဲ iPhone တစ်လုံးပြီးတစ်လုံး ပြောင်းလဲကိုင်ဆောင်အသုံးပြုနေတာကြောင့် ရပ်ကွက်နေပြည်သူတွေက မသင်္ကာသဖြင့် သတင်းပေးခဲ့ရာမှတစ်ဆင့် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အလုပ်မရှိဘဲ နောက်ဆုံးပေါ် iPhone တွေချည်းပဲ လဲကိုင်နေလို့ ရပ်ကွက်က သတင်းပေးလိုက်တာ။ ရဲတွေလာစစ်တော့ iPhone 17 Pro Max နဲ့ iPhone 12 Pro Max သူ့ဆီမှာတွေ့တယ်။ ဆက်စစ်ဆေးလိုက်တော့ တောင်ဥက္ကလာပထဲက ABC ဖုန်းဆိုင်ကို ဖောက်ထွင်းတဲ့သူ ဖြစ်နေတာ” လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကုန်းဘောင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ ABC Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး iPhone 17 Pro Max ပါကင်ပိတ်အလုံးများနဲ့ iPhone 12 Pro Max စုစုပေါင်း ၂၁ လုံး (ကာလတန်ဖိုး ငွေကျပ် ၈၄၇ သိန်းကျော်ဖိုး) ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူနှစ်ဦးဟာ ABC ဖုန်းဆိုင်က ခိုးယူခဲ့တဲ့ iPhone ၂၁ လုံးကို ပြည်မြို့ပေါ်ရှိ ဖုန်းဆိုင်တစ်ဆိုင်မှာ သွားရောက်ရောင်းချခဲ့ရာ ၁၉ လုံးသာ ရောင်းချခဲ့ပြီး၊ ကျန် ၂ လုံးကိုတော့ ကျော်ဇင်ကိုက ကိုယ်တိုင်ကိုင်ဆောင်ဖို့ ဖယ်ထားခဲ့ရာကနေ အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ခိုးတဲ့သူက ခိုးသွားတဲ့ ဖုန်း ၂၁ လုံးလုံး မရောင်းဘဲ iPhone 17 Pro Max ပါကင်ပိတ်လေး ကိုင်ချင်တယ်ဆိုပြီး ၁၉ လုံးပဲ ရောင်းခဲ့တာ။ ကျန်တဲ့ iPhone ၂ လုံးကို ချန်ပြီးကိုင်နေရင်းကနေ အဖမ်းခံရတာ။ ရောင်းထားတဲ့ ဖုန်းတွေကိုလည်း လိုက်လံသိမ်းဆည်းပြီးပြီ။ ဖောက်ထွင်းတဲ့သူက နှစ်ယောက်၊ လောလောဆယ် တစ်ယောက်ပဲ မိသေးတယ်” လို့ သူက ရှင်းပြပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူလို့စွပ်စွဲခံရသူ ကိုကျော်ဇင်ကိုအား တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ)၁၉၆/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ (ခိုးမှု) ဖြင့် အမှုဖွင့်အရေးယူထားပြီး၊ ဖမ်းဆီးရန်ကျန်ရှိနေသေးတဲ့ ဆက်စပ်တရားခံ ဇော်မျိုးအောင် ဆိုသူကိုလည်း ထပ်မံဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Pro/SAC
